ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော် ၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya သည် ယနေ့ နေ့လည် (၁) နာရီအချိန်တွင်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Pisanu Savanajata သည် မွန်းလွဲ (၂) နာရီအချိန်တွင်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. HONG Liang သည် မွန်းလွဲ (၃) နာရီအချိန်တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် (၅) နှစ်စီမံကိန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၅) သန်းဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အိန္ဒိယနိုင်ငံ၏ ပထမအကြိမ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် အိန္ဒိယ နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ပေ (၂၀၀) အထက် တံတား (၃) စင်း၊ မူလတန်းကျောင်း (၁၀) ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၈) ခု၊ ချင်းပြည်နယ်တွင် ပေ (၂၀၀) အထက် တံတား (၅) စင်း၊ မူလတန်းကျောင်း (၁၁) ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၉) ခု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ဒုတိယအကြိမ် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင် မူလတန်းကျောင်း (၈) ကျောင်း၊ ပေ (၂၀၀) အထက် တံတား (၂) စင်း၊  မြေသားလမ်း (၅၇/၄) မိုင်၊ ကတ္တရာလမ်း (၂/၃) မိုင်တို့ကိုလည်းကောင်း၊ ချင်းပြည်နယ်တွင် မူလတန်းကျောင်း (၃) ကျောင်း၊ ပေ (၃၀၀) အထက် တံတား (၃) စင်း၊ ပေ (၂၀၀) တံတား (၁) စင်း၊ ပေ (၁၀၀) တံတား (၁) စင်းနှင့် မြေသားလမ်း (၃၉) မိုင်တို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

Post Paragraph