ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ထိုင်းနိုင်ငံ၊ တော်ဝင်တပ်မတော်မှ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးစင်တာ ညွှန်ကြားရေးမှူး General Singhasak Uthaimongkol ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇွန်လ ၁၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ထိုင်းနိုင်ငံ၊ တော်ဝင်တပ်မတော်မှ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးစင်တာ ညွှန်ကြားရေးမှူး General Singhasak Uthaimongkol ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံဒေသတွင်းနိုင်ငံအချင်းချင်း ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် အစားထိုးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို တိုးချဲ့ ဆောင်ရွက်ရေး တို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
    မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့၊ မယ့်ဖါးလုံဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ နယ်စပ်ဒေနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ ပူးပေါင်း၍ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စီမံကိန်းရံပုံငွေ ဘတ် (၃၅၀) သန်း ဖြင့် တာချီလိတ်နှင့် မိုင်းဆတ်ဒေသ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။