နေပြည်တော်၊ မေလ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်သို့ ရောက်ရှိခဲ့ရာ ဖွံ့ဖြိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာစေရေး အလေးထားပြုစုပျိုးထောင်ပေးသွားရန်၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံပြီး ပညာရေးတိုးတက်မြင့်မားစေရန်၊ မကြာမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်း၏ ဥပဓိရုပ်ကောင်းမွန်စေရေး စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများ အသင့် ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရှိရေး၊ ဆရာ၊ ဆရာမများ အနေဖြင့် တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များ၊ မကြာမီကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၄) အတွက် ပြင်ဆင်ရမည့် အချက်များအား အသေးစိတ် မှာကြားခဲ့ပြီး စားရိပ်သာတွင် ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိပ်ဆောင်များ၊ စားရိပ်သာများ၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အားကစားခန်းမ၊ အားကစားကွင်းနှင့် ပွဲကြည့်စင်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေများဖြင့် အားကစားကွင်း အဆင့်မြှင့်တင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို တာဝန်ရှိသူ များအား မှာကြားခဲ့ပါသည်။ ယင်းနောက် တက္ကသိုလ်အတွင်း ဖွင့်လှစ်ထားရှိသည့် မွေးမြူရေး အစာစပ် စက်ရုံ၊ ဝန်ထမ်းသက်သာ အရောင်းဆိုင်တို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ အသားစားကြက်ခြံ၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူရေးကန်များ တူးဖော်နေမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သို့ ရောက်ရှိခဲ့ရာ ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်ဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေးနှင့် လေ့ကျင့်သင်ကြားရေး ဆိုင်ရာ အခြေအနေများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများအား လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါသည်။
ယင်းနောက် ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းနှင့် ပွဲကြည့်စင် ၊ ဆောက်လုပ်ဆဲ လေးထပ် အင်ဂျင်နီယာ အလုပ်ရုံ ၊ ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စားဖိုဆောင် များ၊ ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးထားရှိသည့် ခေတ်မီ နည်းပညာလက်ရာများ၊ သက်သာ ချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် ငါးခူမွေးမြူရေးကန်များနှင့် ဒီဂရီကောလိပ် သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ မြသုခကျေးရာအနီး အနောက်ပြက္ခရွေ တောင်ပေါ်ရှိ စွယ်တော် မြတ်စေတီသို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ပြီးစီးမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီမရွေး သွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက် ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ၎င်းနောက် စွယ်တော်မြတ်စေတီ ပရိဝုဏ် အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံဆောင်ရွက်နေသည့် လုပ်ငန်း များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာမြို့နယ်၊ ကျောင်းရွာ ကျေးရွာတွင် သန့်ရှင်းသော မြေအောက် သောက်သုံးရေ ရရှိရေးအတွက် ရေတွင်းတူးစက်ဖြင့် အဝီစိတွင်းနက် တူးဖော်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ရေရှားပါးသည့် ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် အဆင့်မြင့် ရေကြောရှာဖွေစက် နှင့် ရေတွင်းတူးစက်များကို အသုံးပြု၍ ကျွမ်းကျင်ဝန်ထမ်းများဖြင့် လိုအပ်သောဒေသများတွင် တူးဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload