ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁)မှ လေ့လာရေး သင်တန်းသား၊ သင်တန်းသူများအားတွေ့ဆုံ

နေပြည်တော် စက်တင်ဘာလ၂၇ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် လေ့လာရေး ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ်၊ ပညာရေး ဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြားပါသည်။
    ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမည့် သင်တန်းသား၊ သင်တန်းသူများအား လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးသော အဓိကရည်ရွယ်ချက်များဖြစ်သည့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေမှုများကို သိရှိစေရန်၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် အထောက်အထားများကို ကြည့်ရှုလေ့လာနိုင်ရန်၊ ဒေသန္တရဗဟုသုတများရှာမှီးကြစေရန်၊ လေ့လာရေးခရီးစဉ်မှရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို ပြန်လည်အသုံးချပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ လေ့လာရေးခရီးသွားခြင်းဖြင့် ဒေသများတွင်ရှိသည့် ဘုရား၊ စေတီပုထိုးများ ဖူးမြှော် ရခြင်း၊ ရိုးရာလက်မှုပစ္စည်းများ ထုတ်လုပ်မှုကိုလေ့လာရခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား တက်ကြွပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန် ထက်မြတ်စေခြင်း၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှု၊ လူနေမှုစနစ်များကို လေ့လာခွင့်ရရှိခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
    လူငယ်များ၏ အနာဂတ်အလင်းရောင်သည် စာပေဖြစ်ပြီး လူ့အကြောင်း၊ လောကအကြောင်း၊ ဘဝအကြောင်း၊ သိပ္ပံပညာအကြောင်း စသည်တို့ သိရှိလေ့လာရန်အတွက် စာများများဖတ်ရန် လိုအပ်ပါကြောင်း၊ ထက်မြတ်ထူးချွန်သည့်  ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များသည် စာဖတ်ကြသူများ ဖြစ်ပါကြောင်း၊ ယခုသင်တန်းဆင်းမည့် သင်တန်းသား၊ သင်တန်းသူများသည် ဆရာ၊ ဆရာမများ အဖြစ် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့မှ ဦးဆောင်ဦးရွက်ပြုမည့်သူများဖြစ်သည့်အတွက် စာရိတ္တ မဏ္ဍိုင်မယိုင်လဲအောင် ထိန်သိမ်းကာကွယ်သွားရန် လိုအပ်ပါကြောင်း၊ ကိုယ်၊ နှုတ်နှလုံး စောင့်စည်း ပြီး စာရိတ္တ၊ အကျင့်သိက္ခာစောင့်ထိန်း၍ ဖြောင့်မတ်တည်ကြည်စွာဖြင့် အရှက်တရား၊ အကြောက် တရားတို့ကို လက်ကိုင်ပြုပြီး ထိန်းသိမ်းသွားကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်သား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ကို ဖွင့်လှစ်ပေးသည့် အဓိကရည်ရွယ်ချက်သည် နိုင်ငံအတွက် အရေးပါသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ပိုမို ရင့်သန်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ထားပြီး ရည်မှန်းချက်(၇)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
    ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးက ဂါရဝပြု ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား သင်တန်းသား၊ သင်တန်းသူ(၂)ဦးက လေ့လာရေးအထိမ်းအမှတ် ဂါရဝလက်ဆောင်ပေးအပ်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပါမောက္ခချုပ် ဦးမြဝင်းအား လေ့လာရေး ခရီးစဉ်အတွက် ထောက်ပံ့ငွေပေးအပ်ပါသည်။
    ပါမောက္ခချုပ် ဦးမြဝင်းဦးဆောင်သော အုပ်ချုပ်သူ ဆရာ/ဆရာမ (၂၁)ဦး၊ သင်တန်းသား၊ သင်တန်းသူ(၂၂၃)ဦးတို့သည် လေ့လာရေးခရီးစဉ်အဖြစ် စက်တင်ဘာလ(၂၃)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ပခုက္ကူမြို့၊ ပုဂံညောင်ဦးမြို့၊ ပုပ္ပါးတောင်ကလပ်၊ မိထ္ထီလာမြို့၊ နေပြည်တော်၊ တောင်ကြီးမြို့၊ ပင်းတယမြို့၊ ကလောမြို့နှင့် အင်းလေးဒေသသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။