
စစ်ကိုင်း၊ ဧပြီ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် ကျောင်သား၊ ကျောင်းသူများအား အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများ လိုက်ပါလျက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ သွားရောက် စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်မှ သင်ကြားရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်နှင့် စားရိပ်သာများ၊ စာသင်ဆောင်များ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့်ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစု (၁၀၀) ကျော် စုပေါင်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင် တိုင်းရင်းသားပြည်သူ များ၏ပြည်ထောင်စုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုစွမ်းအားသည် အရေးပါသည့် အခန်းကဏ္ဍ တွင် ရှိပါကြောင်း၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုလည်း တိုင်းရင်းသား အားလုံး ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် လေးစားယုံကြည်မှုများဖြင့် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားတိုင်း ဒို့တာဝန်အရေး (၃) ပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ လက်ရှိအစိုးရအနေဖြင့် အမျိုးသားရင်ကြား စေ့ရေး၊ ဒီမိုကရေစီ ပြည်ထောင်စုစနစ်ပေါ်ပေါက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝတိုးတက် မြင့်မားရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွဖြင့် အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အဂတိတရားကင်းစင်စွာဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် နယ်စပ်ဒေသအသီးသီးမှ တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ပညာရပ်များကိုသာမက ပြည်ထောင်စု စိတ်ဓာတ်ရင့်သန်ခိုင်မာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲစေရေး၊ တိုင်းရင်းသား ယဉ်ကျေးမှုအစဉ်အလာများ ပိုမိုထိန်းသိမ်းတတ်စေရေးပညာရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရပ်များကိုပါ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသဖြင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ တက္ကသိုလ်၏ ကောင်းမွန်သည့် အစဉ်အလာများကို အားလုံးဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ရှင်းလင်းမှာကြားခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ ကျောင်းအစည်းအဝေး ခန်းမတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် ၁၉၆၄ ခုနှစ်မှ စတင်၍ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန် ခိုင်မာပြီး ကိုယ်ကျင့်တရားကောင်းမွန်၍ ဂုဏ်သိက္ခာကိုတန်ဖိုးထားနိုင်သည့် ဆရာ/ဆရာမများ လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်ခဲ့ပြီး ယနေ့အထိ မဟာပညာရေးဘွဲ့ (၉၃) ဦး၊ မဟာဒဿနပညာရေးဘွဲ့ (၃၅) ဦး၊ ပညာရေးဘွဲ့(B.Ed) (၃၄၅၄) ဦး၊ ဆရာ အတတ်သင်ပညာဒီပလိုမာဘွဲ့ (၆၃၅) ဦး၊ အလယ်တန်းဆရာအတတ်သင် (၉၅၆) ဦး၊ အထူး မူလတန်းဆရာအတတ်သင် (၄၆၁) ဦး၊ မူလတန်းဆရာအတတ်သင် (၇၀၅၇) ဦး စုစုပေါင်း (၁၂၆၉၁) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါဆရာ/ဆရာမများအနေဖြင့် ယခုအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ်လည်းကောင်း၊ ပညာရေးဝန်ထမ်းများအဖြစ်လည်းကောင်း နယ်မြေဒေသအသီးသီးတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိပြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းအနေဖြင့် နယ်စပ်ဒေသ အသီးသီးမှ စုစုပေါင်းတိုင်းရင်းသားလူငယ် (၁၁၄၂) ဦးကို ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး အဆိုပါတိုင်းရင်းသားလူငယ်များသည် ဝန်ကြီး ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

