နေပြည်တော် ဇွန် ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ဒေသအတွင်း အကြံပေးကော်မရှင်၏ အကြံပြုတင်ပြချက် များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းလုံခြုံတည်ငြိမ်လာသည်နှင့်အမျှ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းစဉ်များတွင်သာမက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်များ စိစစ်ထုတ်ပေးခြင်း၊ မွေးစာရင်းလက်မှတ်များ ထုတ်ပေးခြင်း၊ ပညာသင်ကြားရေး၊ စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေး အစရှိသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်း အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ မြောက်ပိုင်းဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပေါ်နေသည့်အခြေအနေများ၊ အပြန်အလှန် ယုံကြည်မှု ရရှိစေရေး ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။