
ဇန်နဝါရီလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကယားပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦီးစီးဌာန ကယားပြည်နယ်ဦးစီးမှူးက သင်တန်းကျောင်းများဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်) နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လွိုင်ကော်)တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ မှာကြားရာတွင် ကယားပြည်နယ်အနေဖြင့် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိလာပြီဖြစ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ခေတ္တရပ်နားထားရသော သင်တန်းကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် စိတ်အားထက်သန်စွာ ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်း ရှိ အိပ်ဆောင်များ၊ စားရိပ်သာများ ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းမိသားစုများ သက်သာ ချောင်ချိရေးအတွက် မွေးမြူထားရှိသည့် ဥစားကြက်ခြံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လွိုင်ကော်)တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။