နေပြည်တော်၊ မေလ ၂၃ ရက်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးတို့က Zoom Application Online System ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ က အမျိုးသားအဆင့်ကော်မတီအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး လုပ်ငန်းစဉ်များကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကြောင့် အောင်မြင်မှုများ အထိုက်အလျောက် ရရှိနေပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ယခုအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြကြ ရန်ဖြစ်ပါကြောင်း။
လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီးလုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရများအလိုက် ရန်ပုံငွေထည့်သွင်းလျာထား၍ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေအရ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ယာယီနေရပ်စွန့်ခွာမှုများနှင့် အကြမ်းဖက်အဖွဲ့များ၏ နှောက်ယှက်ဖျက်ဆီးမှုများကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချို့သောအခက်အခဲများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် မည်သို့သော အခက်အခဲများကိုမဆို ရင်ဆိုင်ကျော်လွှား၍ ရရှိပြီးဖြစ်သော အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ IDP၊ တိုက်ပွဲရှောင်နှင့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် တိမ်းရှောင်သူ များ၏ အခြေခံလိုအပ်ချက်များကို ပြည်ထောင်စု၊ ပြည်နယ်နှင့်စေတနာရှင် အလှူရှင်များ ပေါင်းစပ်၍ တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက် ပေးကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ယာယီနေရပ်စွန့်ခွာသူများအား လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကူအညီများ ရရှိလာပါက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည့် လုံခြုံရေး၊ ပို့ဆောင်ရေး၊ ဖြန့်ဝေရေး၊ မလိုလားအပ်သူများထံ ရောက်ရှိ မသွားစေရေး အစရှိသည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကြပ်မတ် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အားလုံးပူးပေါင်း ပါဝင်၍ တက်ကြွစွာ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည့် ၁၈-၁၂-၂၀၂၃ ရက်နေ့မှ လက်ရှိအချိန်ထိ ၅ လကျော် ကာလ အတွင်း စုစုပေါင်း အိမ်ထောင်စု ၄,၇၈၈ စု၊ လူဦးရေ ၁၈,၄၆၈ ဦးတို့ကို မူလနေရပ်များသို့ ပြန်လည်ပို့ဆောင် နေရာချထားပေးနိုင်ခဲ့ပြီး၊ ယာယီခိုလှုံရာစခန်း/ စုရပ် ၆၉ ခုကို ထပ်မံ ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ လူသားချင်းစာနာမှုအကူအညီပေးမှုများအဖြစ် စုစုပေါင်း ငွေကျပ် ၄၇၉၀.၅၈၈ သန်း တန်ဖိုးရှိ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်း၊ ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေး ပစ္စည်းနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ထောက်ပံ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်ခြင်းများကို အဆုံးသတ်စေနိုင်မည့် ရေရှည် တည်တံ့ ခိုင်မြဲသော နယ်မြေတည်ငြိမ်အေးချမ်းမှု အမြန်ရရှိနိုင်ရေးအတွက်လည်း ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နေရပ်စွန့်ခွာသူများ ဘေးကင်း လုံခြုံ၍ ဂုဏ်သိက္ခာရှိရှိ မှီခိုမှုကင်းစွာဖြင့် ရပ်တည်နေထိုင်သွားနိုင်ရေးအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများ နှင့် လူမှုရေးပဋိပက္ခများ လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေး အစီအစဉ်များ ချမှတ်ဖော်ဆောင်ရာ၌ များစွာအထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများ အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျ စီမံခန့်ခွဲ၍ အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီ ထိရောက်ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက ယာယီ ခိုလှုံရာ စခန်း/စုရပ်များရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုအခြေအနေ၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးမှုအခြေအနေ၊ မူလနေရပ်သို့ ပြန်လည်နေထိုင်သူများအတွက် လတ်တလော လိုအပ်သည်များ ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေ၊ အမျိုးသားအဆင့်ကော်မတီတွင် ရန်ပုံငွေထူထောင်ရေး ဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် လူမှုရေးရာဝန်ကြီးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ နှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က သုံးသပ်အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေး ရှင်းလင်းတင်ပြကြရာ အမျိုးသားအဆင့် ကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များ နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကျင်းပ
video-upload