နေပြည်တော် မေလ ၁၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Paul R. Seger သည် ယနေ့နေ့လည် (၂:၀၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံတကာဝန်ထမ်း များ၏ ခရီးသွားလာရေး ဆိုင်ရာကိစ္စရပ်များ၊ လက်ရှိအစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား လူသားချင်း အကူအညီပေးမှု ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Swiss Agency for Development and Cooperation (SDC) တို့ပူးပေါင်း၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၂၀၁၃ခုနှစ် မှ ၂၀၁၇ ခုနှစ် အထိ အမေရိကန်ဒေါ်လာ (၅.၅) သန်းဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အခြေခံအဆောက်အအုံလုပ်ငန်းများ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။