ရေလိုအေး၍ ပန်းနှယ်မွှေးကြပါစေ

အမြင့်ပျံရေသုံးသွယ်
လွန်ခဲ့သော ၁၅ နှစ်ခန့်က အတိအကျဆိုရလျှင် ၂ဝဝ၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ကြေးမုံသတင်းစာ၌ ဆောင်းပါးရှင် ရတနာစည်ဆရာတော်(လွိုင်လင်)ရေးသားချီးမြှင့်ခဲ့သော ဆောင်းပါးတစ်ပုဒ်၏ အမည်ဖြစ်ပါသည်။ ဆရာတော်ရေးဖွဲ့ တင်စားခဲ့သော အမြင့်ပျံရေသုံးသွယ်ဆိုသည့် အဓိပ္ပာယ်ကို ကျွန်တော်နှစ်ခြိုက်သဘောကျခဲ့သဖြင့် ထိုဆောင်းပါး ပါဝင်သည့် စာအုပ်လေးအား ယနေ့တိုင် တရိုတသေသိမ်းဆည်း ထားခဲ့သည်။
ထိုအချိန်ထိုကာလတုန်းက အပူပိုင်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ မ္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသည့် ကျေးရွာ ပေါင်း ၈ဝ၄၂ ရွာ၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ရေရှားပါးသော ကျေးရွာပေါင်း ၁၅၁၈၃ ရွာ စုစုပေါင်း ကျေးရွာ ၂၃၂၂၅ ရွာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေး အတွက်၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာနှစ်မှစ၍ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာ နှစ်အထိ ၁ဝ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသော လုပ်ငန်းများအပြင် စေတနာရှင်၊ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် တူးဖော်ပေးခဲ့ သော စက်ရေတွင်းပေါင်းများစွာ၊ ရေလျှံတွင်းပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့်လည်း ဆရာတော်က-
- နိုင်ငံတော်အစိုးရ၏ မေတ္တာရေအိုင်မှ စေတနာ သည်လည်း အမြင့်ပျံရေတစ်သွယ်
- အလှူရှင်ပြည်သူတို့၏ သဒ္ဓါရေအိုင်မှ စေတနာ သည်လည်း အမြင့်ပျံရေတစ်သွယ်
- အပူပိုင်းဒေသများနှင့် ရေရှားပါးသောဒေသများ၏ အနက်ပေပေါင်းရာထောင်ချီနေသောမြေအောက် ထဲမှနေ၍ မြေထုကိုထိုးဖောက်ကာ မြေပြင်ပေါ်သို့ အရောက်မြောက်တက်လာ၊ ထိုးတက်လာသော အမြင့်ပျံရေတစ်သွယ်ဟူ၍ တင်စားရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။
ထိုစဉ်က ကျွန်တော်တို့ဝန်ကြီးဌာန၏အမည်မှာ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဟူ၍ဖြစ်ပြီး အဆိုပါ ရေရရှိရေး လုပ်ငန်းများကို စည်ပင်သာယာရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ တစ်ချိန်က အပူပိုင်းဒေသ များ၏ ရေရှားပါးမှုအခြေအနေမှာ နွေရာသီရောက်လာမှာကို ပင်ကြောက်နေကြရသော ဘဝများ ဖြစ်ခဲ့သည်။ မိမိတို့ရွာမှ နှစ်မိုင်သုံးမိုင်ခန့်ဝေးသော နေရာများသို့ သွားရောက်တန်းစီ စောင့်ဆိုင်းခပ်ယူကြရသည်။ ရေတစ်ခေါက်ရရန် အချိန် အလွန်ကြာသဖြင့် ရှေးလူကြီးများက ရေတစ်ခေါက် လင်တစ်ယောက်ဟူ၍ပင် ပုံခိုင်းကာ ပြောဆိုခဲ့ကြကြောင်း မှတ်သားရပါသည်။ သောက်ရေလှူသည် ဖြစ်စေ၊ ချိုးရေ၊ သုံးရေလှူသည်ဖြစ်စေ ရေအကျိုး ၁ဝ ပါးကို တစ်လုံးတစ်ဝ တည်းခံစားရရှိကြမည်ပင်။
အမရပူရမြို့ ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာ တော်ဘုရားကြီး အရှင်ဇနကာဘိဝံသကလည်း ရေလှူရသော အကျိုး ၁ဝ ပါးနှင့် ပတ်သက်၍ သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလဉာဏ်ပညာ၊ စင်ကြယ်သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ၊ ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုး လာ…….ဟူ၍ ဖွဲ့ဆိုòန်ပြခဲ့ပါသည်။
၁၉၉၂ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဟူ၍ လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဟူ၍ လည်းကောင်း၊ ၂ဝ၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီး ဌာနဟူ၍ လည်းကောင်း အဆင့်ဆင့်ပြောင်းလဲလာခဲ့သော ကျွန်တော်တို့ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ယနေ့ထိတိုင် ရေအကျိုး ၁ဝ ပါးကို ရရှိခံစားနေကြရဆဲ ဖြစ်ပါသည်။ နယ်စပ် ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒလေးရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသော အဓိကလုပ်ငန်း များထဲတွင် လမ်း၊ တံတားလုပ်ငန်းများ၊ မီးရရှိရေးလုပ်ငန်းများ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ ပါဝင်နေသောကြောင့် ပင်တည်း။ ရေရရှိရေးလုပ်ငန်းများ၌ သောက်သုံးရေရရှိ ရေးအတွက် ရေတွင်းရေကန်များ တူးဖော်ပေးခြင်း၊ စိမ့်စမ်းရေ သွယ်ယူခြင်း၊ စိုက်ပျိုးရေသွယ်ယူပေးခြင်းလုပ်ငန်းများ ပါဝင် ပါသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မွန်ပြည်နယ်ကျိုက်ထိုမြို့မြို့ပေါ်ခြောက်ရပ်ကွက် ရေပေးဝေ ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ကျိုက်ထိုမြို့ ရေပေးရေးလုပ်ငန်းအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ငွေ$ကျပ် ၇ ဒသမ ၃ဝ သန်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် $၄၅ဝ ဒသမ ဝဝ သန်း၊၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် $၄၈၄ ဒသမ ဝဝ သန်း စုစုပေါင်း ငွေကျပ် ၉၄၁ ဒသမ ၃ဝ သန်းခွင့်ပြု ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မူလက အင်းထားဝယ် အင်းနေရာ တွင် ရေအရင်းမြစ်စမ်းသပ်ရှာဖွေခဲ့ရာ လုံလောက်မှုမရှိသော ကြောင့် ကဒတ်ချောင်းကွေ့အနီးနေရာ၌ ထပ်မံရှာဖွေရာ တစ်နေ့လျှင် ဂါလန်ငါးသိန်းခန့်လုံလောက်စွာ ထုတ်ယူ ရရှိနိုင်ကြောင်းတွေ့ရ၍ ထိုနေရာမှရယူခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ မွန်ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးအောင်ဆန်းဦး၊ ရပ်မိရပ်ဖ ဦးနေထက်သိန်းနိုင်တို့က ရေပေးဝေရေးလုပ်ငန်းစက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က ရပ်ကွက် များသို့ ရေစတင်ပေးဝေရန် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များနှင့်အတူ ရေစုပ်စက်ခန်း၊ ရေလှောင်ကန်များ၊ ရေတင်စက်များ၊ လျှပ်စစ် သွယ်တန်းခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ကရင်ဒုံးယိမ်းအက အဖွဲ့များကိုလည်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့၏။
ထိုနည်းတူစွာ ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၂၉ ရက်နေ့တွင်လည်း ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များသို့ ခရီးစဉ်မစတင်မီ မွန်ပြည်နယ် သထုံမြို့ သုဓမ္မဝတီမြို့ကွက်သစ် ရေပေးရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သေး သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်၊ မွန်ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးအောင်ဆန်းဦး၊ ရပ်မိရပ်ဖ ဦးဝင်းသန်းတို့က ရေပေးဝေရေး စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ရေစတင်ပေးဝေရန် စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းသုဓမ္မဝတီမြို့ ကွက်သစ်ရေပေးရေးလုပ်ငန်းအတွက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေ သန်းပေါင်း ငွေကျပ် ၁၅ဝ ဒသမ ဝဝ သန်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ငွေသန်းပေါင်း ငွေကျပ် ၁၄၉ ဒသမ ဝဝ သန်း စုစုပေါင်းငွေ သန်းပေါင်း၂၉၉ ဒသမ ဝဝသန်း သုံးစွဲ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်၏။ ရေအရင်းအမြစ်ကို ဝါးပါး ဆည်မှရယူထားပြီး ရပ်ကွက်တိုင်းတွင်လည်း ဂါလန် ၄ဝဝ ဆံ့ အုတ်ရေကန် ၄၃ ကန် တည်ဆောက်ပေးထားသည်။
အဆိုပါ မြို့သစ်တွင် အိမ်ခြေ ၆၆၄ အိမ်ရှိကြောင်း သိရ သည်။ ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနား အပြီး၌ သုဓမ္မဝတီမြို့သစ်အတွင်း လှည့်လည်ကြည့်ရှုကာ ရပ်ကွက်များ၊ လမ်းများအတွင်းရှိ အုတ်ရေကန်များ၌ လာရောက်ရေခပ် သယ်ယူနေကြသော ဒေသခံပြည်သူများကို နှုတ်ဆက်အား ပေးစကားပြောကြားခဲ့ပါသည်။
အထက်က ကျွန်တော်တင်ပြခဲ့သည့် အပူပိုင်းဒေသ ကျေးရွာများတွင် သန့်ရှင်းသောသောက်သုံးရေမရရှိသော ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပါးပြီး ရောဂါဘယထူပြော ကာ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများကြောင့် အပျက်အစီး များခဲ့ကြဖူးသည်။ ထိုအချိန်ကာလ၌ ထိုဒေသများသည် ရွှေကို မလို၊ ငွေကိုမလို၊ ရေကိုသာလိုချင်ကြသော ဒေသများ ဖြစ်ခဲ့ သည်။ စက်ရေတွင်းများ ရေလျှံတွင်းများ အသီးသီးပေါ်ပေါက် လာသောအခါ အံ့သြဘနန်းဖြစ်၍ ဝမ်းမြောက်ပျော်ရွှင်ပီတိ ဖြာခဲ့ကြရသည်။ ယနေ့အချိန်အခါတွင် လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနက တူးဖော်ပေးသည့် ရေတွင်း၊ ရေကန်များ ၁ဝ မိုင် ၁၅ မိုင်အထိ သွယ်တန်းပေးသည့် စိမ့်စမ်းရေသွယ် လုပ်ငန်းများ၊ ရေအရင်းအမြစ်များ ရှာဖွေရယူ၍ ဆောင်ရွက် ပေးခဲ့သည့် မြို့ရေပေးရေးလုပ်ငန်းများကြောင့် ထိုရေတွင်း၊ ရေကန်နှင့် စိမ့်စမ်းရေသွယ်လုပ်ငန်းများကို ပိုင်ဆိုင်ခွင့်ရရှိကြ သော ကျေးရွာများ၊ မြို့ရေပေးရေးလုပ်ငန်းရရှိကြသည့် မြို့သူမြို့သားများ၊ ရပ်ကွက်သူရပ်ကွက်သားများ၏ မျက်နှာ ပြင်ဝယ်ဝမ်းမြောက်ဝမ်းသာပီတိဖြာနေသည့် သ္ဌာန် များကို အထင်းသား တွေ့မြင်နေရသည်။ သူတို့၏ အပျော်များက ကျွန်တော်တို့ထံသို့ စီးဝင်ပျံ့နှံ့လာပြီး ကိုယ်ပါရော၍ ပျော်ခွင့် ရခဲ့သည်။ ပီတိဖြစ်မိပါသည်။ ယခု သန့်ရှင်းသော သောက်သုံးရေ ရရှိသွားကြပြီဖြစ်သောမွန်ပြည်နယ်ကျိုက်ထို မြို့မှမြို့သူမြို့ သား များ၊ သထုံမြို့သုဓမ္မဝတီမြို့သစ်မှ မြို့သူမြို့သားများ အားလုံး သည်လည်းရေလိုအေး၍ ပန်းနှယ်မွှေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

မြင့်စိုး(နတလ)