ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက တတိယအကြိမ် စားသောက်ဖွယ်ရာများ လှူဒါန်း

သြဂုတ်လ    ၁၃    ရက်
    ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  ရဲဝံ့စွန့်စားစွာ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်များဖြင့် အသက်နှင့်ခန္ဓာကို မငဲ့ကွက်ဘဲ တရားသောစစ်ကို  စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် ဇာနည်မောင်ဘွား ပြည်ချစ်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် နိုင်ငံ့သူရဲကောင်းများအတွက် စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိပါသည်။
    ထိုသို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ စားသောက်ဖွယ်ရာများအား တတိယအကြိမ်အဖြစ် ပေးပို့လှူဒါန်းနိုင်ရေးအတွက် ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် မွန်မြတ်သည့် စိတ်ထားများအရင်းခံ၍ စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး ကိုယ်တိုင်စိတ်အား ထက်သန်စွာဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပါ သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်း မိသားစုဝင်များ အနေဖြင့် နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတာဝန်များ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအင်အား ၁၅၀၀ ဦး အတွက် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ မြေပဲကြော်၊ ဘာလချောင်ကြော်၊ ငါးနီတူခြောက်ကြော်၊ အသင့်စား ချဉ်ပေါင်ကြော်၊ ငါးသေတ္တာဘူး၊ လက်ဖက်နှပ်၊ ငါးပိထောင်းဘူး၊ သရက်သီးသနပ်၊ ခေါက်ဆွဲခြောက်၊ ငါးကြင်းဆန်ပြုတ် စသည့် စားသောက်ဖွယ်ရာ ၁၀ မျိုးတို့အား အထုပ် ၁၅၀၀ စီ၊   ကော်ဖီမစ်နှင့်  တီးမစ် အထုပ် ၃၀၀၀  စီတို့အား သြဂုတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်သည့် အပြင် ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများက “ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိပြီး အနန္တော အနန္တ ငါးပါးတို့၏ ဂုဏ်ကျေးဇူး တော်ကြောင့် ဘေးအန္တရာယ် ကင်းရှင်းကြပါစေ၊ နိုင်ငံ့သူရဲကောင်းများ၏ စွန့်လွှတ် စွန့်စားစိတ်ဖြင့် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေမှုများကို အားပေးဂုဏ်ယူရင်း ထောက်ခံနေမည်ဖြစ်ပါကြောင်း၊ ရှေ့တန်းရောက် တပ်မတော်သားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်၍ တရားသောစစ် မုချအောင်ရမည်၊ အမောင် စစ်သည်တို့နှင့်အတူ တစ်သွေးတည်း တစ်သားတည်း အတူရပ်တည် နေသည်ကို ခြွင်းချက်မရှိ ယုံကြည်၍ ပေးအပ်သည့် အမိန့်နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး အောင်ပွဲများနှင့်အတူ ပြန်လာချိန်ကို သပြေပန်း နှင့် ကြိုဆိုရန် အသင့်စောင့်မျှော်နေမည် ဖြစ်ပါကြောင်း” အစရှိသည့် ဆုတောင်းမေတ္တာ စာလွှာများကိုလည်း ထည့်သွင်းပေးပို့ ခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

video-upload