နေပြည်တော် ဇန်နဝါရီလ ၂၃ ရက်၊
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (စစ်တွေ) ၌ (၂၁-၁-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ခွင့်ပြုလုပ်ငန်းများနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လျာထားလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွဋ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မူဝါဒများနှင့်အညီ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်သွားကြရန်၊ မြေပြင်ကွင်းဆင်း စစ်ဆေးသည့်အချိန် သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိမရှိ သေချာစစ်ဆေးပြီး အရှိကို အရှိအတိုင်း တင်ပြကြရန်၊ ပြည်သူလူထုများမှ အမှန်တယ်လိုအပ်ချက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ပြလာပါက မြေပြင်ကွင်းဆင်း၍ ဆင့်ကဲ ဆင့်ကဲ တင်ပြသွားကြရန်၊ လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များ သိရှိနိုင်ရန်အတွက် ယခုလို အစည်းအဝေး ခေါ်ယူရခြင်းဖြစ်သည့်အတွက် ပွင့်ပွင့်လင်းလင်း တင်ပြသွားကြရန် မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ တာဝန်ခံ ကြီးကြပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးမှ လိုအပ်ချက်ရှိသည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။