ရှမ်းပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲတက်ရောက်

အောင်ပန်း မေ ၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း) အိပ်ခန်းဆောင်သင်တန်း၊ ဧည့်ကြိုသင်တန်းနှင့် အစားအစာနှင့် အ‌ဖျော်ယမကာဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်ကြသည်။ 
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စက်မှုလက်မှုလုပ်ငန်းများနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိရေး ရည်ရွယ်၍ စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ စက်မှုလက်မှုပညာသင်တန်း နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို အမှတ်စဉ်(၁) မှ အမှတ်စဉ်(၆) အထိ သင်တန်းသား ၄၁၅ ဦးအား သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ၂၂၁ ဦးသည် သင်တန်းမှ သင်ကြားပေးလိုက်သော အတတ်ပညာများ ဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြောင်း၊ ယခင်သင်တန်းသည် သင်တန်းကာလ ၂၂ ပတ်ကြာမြင့် မည်ဖြစ်ပြီး သင်တန်းပြီးစီးအောင်တက်ရောက်သင်ကြားမှသာလျှင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာ ရပ်များ တတ်မြောက်မည်ဖြစ်၍ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းစည်းကမ်းများ လိုက်နာကြရန် လိုအပ်ကြောင်း  ပြောကြားသည်။ 
ထို့နောက် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး သင်တန်းတွင် လက်တွေ့အသုံးချမည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး၊ အစားအစာနှင့် အဖျော်ယမကာတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လျှပ်စစ်ဘာသာရပ်၊ ဖုန်းပြင်ဘာသာရပ်နှင့် မော်တော်ယာဉ်အင်ဂျင်ပိုင်း၊ အောက်ပိုင်းပြုပြင်သည့်နေရာတို့ကို လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ သို့ တက်ရောက်အမှာစကားပြောကြားသည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို ဓနု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း)ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍ ကြီး၊ တောင်ကြီး၊ ကလော၊ လွိုင်လင်၊ နမ့်စန်၊ မိုင်းရှူး၊ လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီတို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ 
ထို့နောက် ရှမ်းပြည်နယ်စီမံကိန်းဦးစီးမှူးက ရှမ်းပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက လုပ်ငန်းဆိုင်ရာ များကို ဖြည့်စွက်ဆွေးနွေးသည်။
 

Post Paragraph