နေပြည်တော် အောက်တိုဘာ ၇ ပြည်နယ်အတွင်းရှိ သထုံမြို့နယ် မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းများကို ဖွင့်လှစ်ပြီး အမျိုးသမီးများအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းများအပြင် သိုးမွေးစက်ဆွဲသင်တန်း၊ ကနုကမာကျောက်စီသင်တန်း၊ ပန်းချီသင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟင်းလျာချက်ပြုတ် နည်းသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယနေ့အထိ သင်တန်းကျောင်းမှ သင်တန်းသူ ၂၃၉၂ ဦးကို သင်ကြားမွေးထုတ်ပေး နိုင်ခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။
မုဒုံမြို့နယ် ကွမ်တာကျေးရွာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း၌ ပြုလုပ် သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ပြည်သူအားလုံး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကဏ္ဍစုံ၊ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် စေရေးကိုလည် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သင်တန်းတွင် ထူးချွန်ဆုရရှိကြသူ များကို ဆုများချီးမြှင့်ကြပြီး သင်တန်းသူများ ဖန်တီးပြုလုပ်ထားသည့် ရိုးရာလက်မှုပစ္စည်းများ၊ သက်မွေးပညာ ပစ္စည်းများကို အားပေးကြည့်ရှုကြသည်။
မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို ၂၀၀၅ ခုနှစ် မေ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှုသင်တန်း တက်ရောက်ပြီးသူ ၁၆၈၂ ဦး၊ အဆင့်မြင့်စက်ချုပ် သင်တန်းတက်ရောက်ပြီးသူ ၄၄၆ ဦး၊ ကြိမ်/ဝါးသင်တန်းတက်ရောက် ပြီးသူ ၃၇ ဦး၊ ဟင်းလျာသင်တန်း တက်ရောက်ပြီးသူ ၉ ဦး၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း တက်ရောက်ပြီးသူ ၁၄၄ ဦးနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း တက်ရောက်ပြီးသူ ၇၄ ဦး စုစုပေါင်း သင်တန်းသူ ၂၃၉၂ ဦး သင်ကြားမွေးထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။