တာချီလိတ်မြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်း

တာချီလိတ် အောက်တိုဘာ ၁၁
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
   ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံက သင်တန်းဆင်း အမှာစကား ပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ထွေးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
    ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
    ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသူများ သင်တန်းတွင် ခင်းကျင်းပြသထားသော ကုန်ချောပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ သင်တန်းသူများအား အားပေးစကား ပြောကြားသည်။
     အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ မိုင်းလား၊ မိုင်းဖြတ်၊ ကျိုင်းလပ်၊ တာလေ၊ မိုင်းကိုး၊ ဝမ်လုံးနှင့် တာချီလိတ်မြို့များမှ သင်တန်းသူ ၃၀ ဦးတက်ရောက်ပြီး လက်မနှင့်စင်တီမီတာဖြင့် စက်ချုပ်နည်း ၂၂ မျိုး၊ လက်မှုပညာရပ် ၁၀  မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း ၁၂ မျိုးကို ရက်သတ္တပတ် ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph