မြစ်ကြီးနား နိုဝင်ဘာ ၁၇
ကချင်ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားတို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် ဆန်စပါးနှင့်ကောက်ပဲသီးနှံရိတ်သိမ်းပြီးချိန်တွင် ကျင်းပသည့် ကချင်ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကို ယခုနှစ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်းချုပ်တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဌာနေတိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ကချင်ရိုးရာကောက်သစ်စားပွဲတော်မုခ်ဦးကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဝင် ဒေါ်ဒွဲဘူ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှု အသင်းချုပ်ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ကချင်ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကျေးဇူးတော် ချီးမွမ်းပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပွဲတော်သည် ကချင်လူမျိုးများ၏ ဘိုးဘေးစဉ်ဆက် လက်ထက်ကတည်းကကျင်းပကြသည့် ရိုးရာပွဲတော်များအနက်ထင်ရှားသည့် အင်လုံအင်နန်ရှားပွဲ(ခေါ်) ရိုးရာကောက်သစ်စားပွဲဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ မိမိတို့၏ရိုးရာပွဲတော်ကို ဌာနေတိုင်းရင်းသားများအားလုံးနှင့်အတူတကွ ချစ်ခင်စည်းလုံးစွာပါဝင် တက်ရောက်ချီးမြှင့်ပေးပါသော ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်ကို အတူတကွပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ကောက်သစ်စားပွဲတော်၏ အနှစ်သာရဖြစ်သည့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဘိုးဘေးများ၏ ရိုးရာဓလေ့ကို တန်ဖိုးထားထိန်းသိမ်းခြင်းနှင့် ဆန်ရေစပါးပေါကြွယ်ဝခြင်းကို ဖော်ဆောင်ပြီး တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော်ပြသခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက်သာမက ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုတို့ကို ယခုထက်ပိုမိုတိုးတက်မြင့်မားလာပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ကျေးဇူးတော်ချီးမွမ်းဝတ်ပြုခြင်းအစီအစဉ်ကို ဘာသာရေးအသင်းအဖွဲ့ အသီးသီးမှ ဓမ္မဆရာများ၊ သိက္ခာတော်ရဆရာများက ဦးဆောင်၍ အဖွင့်ကျမ်းစာဖတ်ကြားခြင်း၊ ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်းနှင့်တိုင်းရင်းသား၊ တိုင်းရင်းသူလေးများ၏ ကောက်ပဲသီးနှံ တေးကဗျာရွတ်ဆိုချီးမွမ်းခြင်း၊ ဓမ္မဒေသနာတော် ဟောပြောခြင်း၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အထူးဆုတောင်းဆက်ကပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တိုင်းမှူးတို့က ရိုးရာကောက်ဦးပလိုင်း လက်ဆောင်များကို အခမ်းအနားတက်ရောက်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များထံပေးအပ်ကြပြီး ဓမ္မတေး သီချင်းသီဆိုခြင်းနှင့် ကောင်းချီးတောင်းခံ ဆုတောင်း ဆက်ကပ်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက တစ်နှစ်တာအတွင်းအဦးအဖျားရရှိသော ကောက်သစ်(ဆန်)ဖြင့်ချက်ပြုတ်ထားသော နေ့လယ်စာကိုအတူတကွရင်းနှီးနွေးထွေးစွာ သုံးဆောင်ကြပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး ကြသည်။
ယင်းနောက် မနောတိုင်ရှေ့ မနောရင်ပြင်တော်၌ ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုတွင် အထင်ကရနှင့်အကျော်ကြားဆုံးဖြစ်သည့်အပြင် ကချင်တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုနှင့်ယဉ်ကျေးမှုအလှကို ဖော်ထုတ်ပြသသည့် “ထောင်ကာ” အကကို ရိုးရာတေးဂီတအဖွဲ့နှင့်အတူ ဝိုင်းဖွဲ့၍ ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲကြကြောင်း သိရသည်။