ထားဝယ် ဩဂုတ် ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီများနှင့် တွေ့ဆုံသည်။
ဦးစွာ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ က တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဒေသများတွင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများနှင့် ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသား ပြည်သူများကို ပန်းခင်း စီမံချက်နှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ အိမ်ထောင်စုလူဦးရေ စာရင်းများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရိုးရာ ပွဲတော်အခမ်းအနားများ ကျင်းပဆောင်ရွက်မှု အခြေအနေများနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် တိုင်းရင်းသား ဘာသာသင် TA/ LT ဆရာ၊ ဆရာမများအား ထောက်ပံ့ပေးနိုင်ရေးတို့ကို တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား လူမျိုးစု ညီအစ်ကိုမောင်နှမများအားလုံးသည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အေးချမ်းသာယာပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ပညာရေးကိစ္စရပ်များ၊ စာပေနှင့် ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနည်းစနစ်များဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော ပြည်သူ့ရေးရာအုပ်ချုပ်မှု စနစ်များကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းရင်းသား၊ တိုင်းရင်းသူများက ထားဝယ်ရိုးရာ ရေအိုးရွက်အကနှင့် ရိုးရာ ယဉ်ကျေးမှု အကတို့ဖြင့် တင်ဆက် ဖျော်ဖြေကြကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။