ကျိုင်းတုံ ဇူလိုင် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား နှစ်စဉ် စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ် အခြေခံပညာမူလတန်း(လွန်) ယန်းခကျောင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများက အခြေခံပညာမူလတန်း (လွန်) ယန်းခ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ကျောင်းသူများကို ပျိုးပင်များ ပေးအပ်ကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး၊ လေထုသန့်စင်စေရေးနှင့် ရာသီဥတုမျှတစေရေးတို့အတွက် ရတနာတန်းဝင် ကျွန်းပျိုးပင်၊ အရိပ်ရလေကာ ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်း၊ယူကလစ်၊ ပိန္နဲ၊ မန်ဂျန်ရှား ပျိုးပင် ၁၀၀ ကို ကျိုင်းတုံမြို့နယ် အခြေခံပညာမူတန်း (လွန်) ယန်းခကျောင်းဝင်း မြေကွက်လပ်တွင် စုပေါင်း စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။