နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများအား ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက်အဦများသို့ အပြီးသတ်ပြောင်းရွှေ့ နေရာချထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဇွန်လ  ၃   ရက်
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည်  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်းရှိ ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဝန်ကြီးဌာနအင်ဂျင်နီယာအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက်အဦများသို့ အပြီးသတ်ပြောင်းရွှေ့ နေရာချထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယာယီဘာရှာအဆောက်အဦများတွင် နေထိုင်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ သောက်ရေသန့်ရရှိရေးအတွက် ရေသန့်စက်နှင့် အရာထမ်းများနေထိုင်မည့် ပတ္တမြားအိမ်ရာ ယာယီဘာရှာအဆောက်အဦအသစ်တို့အား အမွှေး နံ့သာများပက်ဖျန်း ဖွင့်လှစ်ပေးခဲ့ပါသည်။
    ထို့နောက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြောင်းရွှေ့နေထိုင်မှုများကို ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၏ ကြီးကြပ်ကွပ်ကဲမှု၊ အင်ဂျင်နီယာအဖွဲ့၏ စနစ်တကျစီမံတည်ဆောက်ပေးနိုင်ခဲ့မှုကြောင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို ယခုအခါ ယာယီဘာရှာ အဆောက်အဦအသစ်များတွင် သတ်မှတ်ကာလအတွင်း အပြီးသတ်ပြောင်းရွှေ့နေရာချထားပေးနိုင်ခဲ့မှု၊ အလားတူ ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ၊ အစည်းအဝေးခန်းမများ၊ ရုံးခန်းများ အစရှိသည်တို့ကိုလည်း အမြန်ပြန်လည် ပြုပြင်တည်ဆောက်နိုင်ခဲ့မှု၊ ယခုလိုအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့မှု၏ စေတနာကို သိရှိနားလည်ပြီး ဝန်ထမ်းများအနေဖြင့် ယာယီအဆောက်အဦများအတွင်း ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ရိုင်းပင်းကူညီနေထိုင်သွားကြရန်၊ ရေ၊ မီး၊ မိလ္လာများကို စနစ်တကျသုံးစွဲကြရန်၊ ယာယီအဆောက်အဦ ဧရိယာအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်ရှိသည်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယာယီအဆောက်အဦများအတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်စားသောက်မှု၊ လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ရေချိုးခန်း၊ အိမ်သာများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ပေးနိုင်ရေးအတွက် အမှိုက်ကန်များ ဆောင်ရွက်ထားရှိမှုနှင့် ယာယီအဆောက်အဦ ပတ်လမ်းများအား အမာခံလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများအား ဘုရားဆင်းတုတော်၊ ပလ္လင်နှင့် မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌက လှူဒါန်းသည့် စားသုံးဆီပေးအပ်ခြင်း အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့် ဇနီး၊ ဒုတိယဝန်ကြီး နှင့် ဇနီး၊  အမြဲတမ်းအတွင်းဝန် နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဇနီး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်တို့က ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် အရာထမ်း၊ အမှုထမ်းများအား အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

video-upload