
ဖေဖော်ဝါရီလ ၂၈ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မအူပင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ မအူပင် နှင့် ဘိုကလေး လူငယ်သင်တန်း ကျောင်း ကျောင်းအုပ်များ၏ သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် လူငယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ပညာရေးသည် နိုင်ငံ၏ အနာဂတ်ဖြစ်သဖြင့် နိုင်ငံ၏ ပညာရေး စနစ်ကိုကြည့်ပြီး နိုင်ငံ၏ အနာဂတ်ကို ခန့်မှန်းနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံ၏ အနာဂတ် လူ့စွမ်းအားအရင်းအမြစ် များ ဖြစ်ကြောင်း၊ ယနေ့ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမီလေ့လာ၍ သုံးစွဲတတ်ရန် လိုအပ်ကြောင်း၊ အမျိုးသားနိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ဒို့တာဝန်ရေး ၃ ပါးကို နိုင်ငံသားတိုင်း ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအား စည်းလုံးညီညွတ်ခြင်း၊ ရိုင်းပင်း ကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းစသည့် အခြေခံ စိတ်ဓာတ်ကောင်းများ လေ့ကျင့်ပျိုးထောင် ပေးရန် လိုအပ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင် အောင် စာဖတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် အားကစား လိုက်စားခြင်းနှင့် ကောင်းမွန်သည့် အလေ့အထများ ရှိလာအောင် လေ့ကျင့်ပျိုးထောင်ပေး သွားရန် မှာကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ စတိုဆောင်၊ စာကြည့်တိုက် နှင့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်မှ သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ နည်းပြများနှင့် သင်တန်းသူများအား တွေ့ဆုံအမှာ စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူများ၏ လက်ရာများ၊ မော်တာ ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းကျောင်း၏ အပ်ချုပ်ဆိုင်တို့အား လည်းကောင်း၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုနောက် မြောင်းမြမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် ပုသိမ် - မြောင်းမြ - လပွတ္တာကားလမ်းနှင့် သိလ္လာချောင်းဖျားကျေးရွာ ဆက်သွယ် သည့် ကျောက်ချောလမ်း ၁ မိုင်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေရှည်တည်တံ့ ခိုင်မြဲစေရန် အတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ယင်းနောက် သိလ္လာကျေးရွာ ဒေသခံပြည်သူများ တင်ပြသည့် ကျေးရွာရေရှိရေး၊ ဆိုလာမီး တပ်ဆင်ပေးရေးနှင့် သိလ္လာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် ဆိုလာမီးတပ်ဆင်ပေးရန် ကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး လက်ကိုင်ဖုန်းပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်း များတွင် ဘာသာရပ်အလိုက် လက်တွေ့လေ့ကျင့်သင်ကြားနေမှုနှင့် သင်တန်းသားများ၏ စား သောက်နေထိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လပွတ္တာမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းခန်းမ၌ စက်မှုလက်မှု သင်တန်း ကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်း ကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ဆက်လက်၍ သင်တန်းကျောင်း ၂ ကျောင်းမှ ဝန်ထမ်းများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကာ ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ပါသည်။
ထို့နောက် သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ လက်တွေ့သင်ကြား နေမှု၊ မော်တာဆောင်၊ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာ၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်း ကျောင်း၏ အပ်ချုပ်ဆိုင်နှင့် ဂါလံ နှစ်သိန်းဆံ့ ရေလှောင်ကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိခဲ့ပြီး ဒီဂရီကောလိပ် အစည်းအဝေး ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေး မှူးများ၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြားရေး ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ ပါမောက္ခ/ ဌာနမှူးများက သင်ကြားရေးဆိုင်ရာ လိုအပ် ချက်ရှိသည်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များ နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၊ မနုဿဗေဒပြခန်း၊ အင်ဂျင်နီယာ အလုပ်ရုံ၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြား၍ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရိုင်ရုံး သိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိသော ယာဉ်၊ ယန္တရားကြီးများ အသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှု အခြေအနေ၊ ထောက်ပံ့ပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယာဉ်၊ ယန္တရားကြီးများ ကြံ့ခိုင်မှုနှင့် ထိန်းသိမ်းထားရှိမှု၊ ပြင်ဆင်ပြီး ယာဉ်၊ ယန္တရား ဂိုဒေါင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


