နေပြည်တော်၊ မေ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက် မည့် ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်း ဆောင်ရွက်ရေးနှင့် နိပွန် ဖောင်ဒေးရှင်း (စေတနာအဖွဲ့) တို့ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကယား ပြည်နယ်တို့တွင် ဆောင်ရွက်မည့်ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် သက်ဆိုင်သော ကျောင်းဆောက်လုပ်ရေး စီမံကိန်း ဆိုင်ရာနားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀:၀၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့တို့မှ Executive Director များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်မှ အမှာစကားပြောကြားပြီး နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori နှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) မှ Executive Director ဖြစ်သူ ဦးတင်လေးမှ နားလည်မှု စာချွန်လွှာနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နှင့် နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori တို့မှ ဘက်စုံဒေသ ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာအား လည်းကောင်း၊ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နှင့် နိပွန်ဖောင်ဒေးရှင်းမှ Executive Director ဖြစ်သူ Mr. Yuji Mori ၊ စေတနာအဖွဲ့မှ Executive Director ဖြစ်သူ ဦးတင်လေးတို့မှ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့်သက်ဆိုင်သော ကျောင်းဆောက် လုပ်ရေး စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာအားလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပြီး နားလည်မှု စာချွန်လွှာအား အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့အကြား ယခုလက်မှတ်ရေးထိုးသည့် စီမံကိန်းအနေဖြင့် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ၂၀၁၈ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၁)နှစ်တာ ကာလအတွင်း မြန်မာငွေကျပ် (၂၅) ဘီလီယံဖြင့် ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စေတနာအဖွဲ့နှင့် လက်မှတ်ရေးထိုးသည့် စီမံကိန်းအနေဖြင့် ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် စာသင်ကျောင်း (၁၂၀) ကျောင်း ဆောက်လုပ်ခြင်းနှင့် စာသင်ကျောင်း (၅၀) ပြုပြင်ခြင်း လုပ်ငန်းများအား အမေရိကန်ဒေါ်လာ (၆.၅) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။