နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော် မေလ ၃၀

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် အဆိုပါ ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ် လွတ်တော် ဒုတိယဥက္ကဌ ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဌာနအဖွဲ့ ဥက္ကဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနား ပထမပိုင်းအစီအစဉ်အရ တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီတို့က သင်တန်းကျောင်းဆောင်သစ် ကဗ္မည်း မော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

          အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်း အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဌဦးခွန်စံလွင် တို့မှ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဆောင်သစ် အတွင်း၌ အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံမှာကြားခဲ့သည်။

          ယခုဖွင့်လှစ်ပေးခဲ့သည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (ဆိုက်ခေါင်) ၌ ကျောင်းသား (၈၀)ဦး၊ ကျောင်းသူ (၈၀) ဦး စုစုပေါင်း (၁၆၀)ဦးတို့အား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ပညာသင်ကြားရေး၊ နေထိုင် စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများအား နိုင်ငံတော်အစိုးရ၏ ရာနှုန်းပြည့် အထောက်အပံ့များဖြင့် ပြုစုစောင့်ရှောက် လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph