နေပြည်တော် ဖေဖော်ဝါရီ ၆
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်၀င်းနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ကျောက်ဂူ-နောင်ဝိုးလမ်းသို့ ရောက်ရှိခဲ့ရာ အဆိုပါလမ်းပေါ်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကတ္တရာလမ်း (၅/၀) မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ကျောက်လမ်း (၁၅/၀) မိုင် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆)လ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် (၂၅) ပေ ကွန်ကရစ်တံတား (၂) စင်း၊ (၈)ပေ Box Culvert (၃)စင်း တို့အားလည်းကောင်း ဝန်ကြီးဌာန၏ မူဝါဒ၊ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အဆိုပါလမ်းနှင့် တံတားများ ရေရှည်တည်တံ့ကောင်းမွန်ရေး၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို တာ၀န် ရှိသူများက တင်ပြခဲ့ကြရာ ဒုတိယ၀န်ကြီးက လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးနှင့် အဖွဲ့သည် တောင်ကြီး-ရပ်စောက်-ကျောက်ဂူ-ညဉ့်စဉ်-ပန်၀ပ်-သဘာ၀တံတား-နမ့်လန်-သီပေါ-လားရှိုးလမ်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နောင်ဝိုး-ညဉ့်စဉ် ကျောက်ချောလမ်း (၂/၀) မိုင် ပြီးစီးမှုကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကျောက်ချောလမ်း (၇/၀)မိုင်နှင့် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကွန်ကော့မှ သဘာ၀တံတားအထိ ကျောက်ချောလမ်း (၃/၀)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းခွင်ကို ရောက်ရှိခဲ့ပြီး သတ်မှတ်ကာလပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများနှင့် လမ်းပခုံးများကို ရေစီးရေလာ ကောင်းရန်အတွက် စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဒုတိယ၀န်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရပ်စောက်-ကျောက်ဂူ-ညဉ့်စဉ်-ပန်၀ပ်-သဘာ၀တံတားအထိ လမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍လည်းကောင်း၊ သဘာဝတံတား-နမ့်လန်-သီပေါ-လားရှိုးလမ်း အပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်းကောင်း အသီးသီးတာဝန်ယူ၍ လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနတို့မှ ယခုဖောက်လုပ်နေသာ တောင်ကြီး-ရပ်စောက်-ကျောက်ဂူ-ညဉ့်စဉ်-ပန်၀ပ်-သဘာ၀တံတား-နမ့်လန်-သီပေါ-လားရှိုးလမ်း ပြီးစီးပါက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးဒေသမှ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ-လားရှိုး-မူဆယ်သို့ အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာ သွားလာနိုင်မည် ဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)မှ (မြောက်ပိုင်း) သို့ ကူးလူးသွားလာရာ၌ တောင်ကြီး-မန္တလေး-နောင်ချို-သီပေါ ကားလမ်း၏ ဂုတ်တွင်း(ဂုတ်ထိပ်)ဒေသ၌ မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲများစွာ ကြုံတွေ့မှုကင်းဝေးပြီး အချိန်တိုအတွင်း တောင်ကြီးမှ လားရှိုးမူဆယ်အထိ ရောက်ရှိနိုင်မည် ဖြစ်သဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသရှိ ပြည်သူလူထုအတွက် များစွာအကျိုးပြုမည့် လမ်းဖြစ်ကြောင်း သတင်းရရှိသည်။