
နေပြည်တော် ဇူလိုင် ၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစုဝင် သားသမီးများနှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက် ရှိသည့် ဝန်ထမ်းမိသားစုဝင်သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ နှင့် ၎င်းတို့ ၏ မိဘများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းမိသားစုဝင် သားသမီးများ၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးဆုရသည့်ကျောင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ “ဂုဏ်ပြု ထိုက်သူကိုဂုဏ်ပြုခြင်း”သည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း၊ ယခုလို ဂုဏ်ပြုချီးမြှင့်ခြင်းကို တန်ဖိုးထား နားလည်ပြီး မိမိတို့၏ အနာဂတ်တောက်ပနိုင်စေရန်အတွက် အသိပညာများ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြိုးစားသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ “Knowledge is Power” ဆိုသည့်အတိုင်း အသိပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများရရှိစေရန် ကျောင်း သင်ခန်းစာများအပြင် သုတ၊ ရသအစုံ စာပေများကို ဖတ်ရှုလေ့လာပြီး ပညာနှင့် အတွေးအခေါ်ကောင်းများ ပေါင်းစပ်၍ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံသားကောင်း ရတနာ၊ သမီးကောင်း ရတနာ များဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်း သား၊ သမီး များအား ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ၅ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးတို့အား ဂုဏ်ပြုဆုများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် က အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၃ ကျောင်းတို့အား လည်းကောင်း၊ ရာနှုန်းပြည့် အောင်မြင်ခဲ့သည့် အထူးဆုရ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၂ ကျောင်း၊ အောင်ချက် ၈၀ ရာခိုင်နှုန်းအထက်အောင်မြင်ခဲ့သည့် အထူးဆုရ ကျောင်း ၂ ကျောင်းနှင့် ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး တို့အား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် က လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ ၄ ဦးနှင့် ၂ ဘာသာဂုဏ်ထူးရှင် ၂ ဦးတို့အား လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ် က ၂ ဘာသာဂုဏ်ထူးရှင် ၃ ဦးတို့အား လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ယင်းနောက် ၅ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်ရှင်းပိုင်ဟိန်းက ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လူငယ်ဖွံ့ဖြိုးရေးသင်တန်းများမှ ကျောင်းအုပ်များနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ် နှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်း သား၊ သမီး ၁,၅၇၉ ဦးတို့အတွက် အတန်းလိုက်ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ် များအား လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သူ ၅ ဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် ၆၄ ဦးတို့အား ဂုဏ်ထူး ၁ ဘာသာလျင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၇၆ ရာခိုင်နှုန်းဖြင့် ပထမဆုရ ပင်းတယ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၆၈ ရာခိုင်နှုန်းဖြင့် ဒုတိယဆုရ လွိုင်ကော် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၅၉ ရာခိုင်နှုန်းဖြင့် တတိယဆုရ ပင်လောင်း လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၁၀၀ ရာခိုင်နှုန်းဖြင့် အထူးဆုရ ပလက်ဝ နှင့် ကြာအင်းဆိပ်ကြီး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ အောင်ချက် ၈၉ ရာခိုင်နှုူန်းဖြင့် အထူးဆုရ ပူတာအို လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၈၈ ရာခိုင်နှုန်းဖြင့် အထူးဆုရ တီးတိန် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများအား လည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။