နယ်စပ်‌ရေးရာဝန်ကြီးဌာနက ကျေးရွာ ၄၀ ကို အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လင်းခေးခရိုင်အတွင်း ကျေးရွာ ၄၀ ကို အကျိုးပြုစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
    လင်းခေးခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၃၄၁ ဒသမ ၇၉၉ သန်းဖြင့် မြေလမ်း ၁/၆ မိုင်၊ ကျောက်လမ်း ၁/၃ မိုင်၊ ကွန်ကရစ်လမ်း ပေ ၂၅၀၊ ကျောက်တောင် မိုင်းခွဲခြင်း ၀/၂ မိုင်၊ ကွန်ကရစ် တံတား ခုနစ်စင်း၊ Box Culvert ၁၆ စင်း၊ သာသနာရေးလုပ်ငန်း  သုံးခု၊ ဦးစီးဌာနလုပ်ငန်း သုံးခုတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
    အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက ယနေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် ရာနှုန်းပြည့်အချိန်မီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများက မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လင်းခေးခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာ ၄၀ မှ လူဦးရေ ၁၄၀၅၆ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph