ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် ၈ ရက်
    နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  စစ်ဆေးရန်   မွန်ပြည်နယ်တွင်  ရောက်ရှိနေသော  နယ်စပ် ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဇူလိုင်လ(၅)ရက်နေ့နံနက် ပိုင်းတွင်   မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်   လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက်  မော်လမြိုင်မြို့ရှိ  မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိစစ်ဆေး ခဲ့ရာ မွန်ပြည်နယ် ညွှန်ကြားရေးမှူးမှ  နယ်စပ်ဒေသဖွံ့ဖြိုးရေး  လုပ်ငန်းဆောင်ရွက်နေမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ   အခြေအနေများကို  ရှင်းလင်းတင်ပြခဲ့သည်။  ပြည်ထောင်စု၀န်ကြီးမှ   တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြား၍   ရုံးဝန်းအတွင်းရှိ   ယန္တရားသိုလှောင်ရုံနှင့်  ၀န်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
    ထို့နောက်  ပြည်ထောင်စု၀န်ကြီးသည်  မုဒုံမြို့ရှိ  အမျိုးသမီးအိမ်တွင်းမှု  သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့   ရောက်ရှိခဲ့ပြီး  ကျောင်းအုပ်၊  နည်းပြများနှင့်     သင်တန်းသူများအား  တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး     လေ့ကျင့်သင်ကြားပေးနေသော    အခြေခံအိမ်တွင်းမှုသင်တန်း၊   ခေတ်မီ မော်တာစက်ချုပ်သင်တန်းနှင့်  သင်တန်းသား အိပ်ဆောင်၊ စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍  ပြည်ထောင်စု၀န်ကြီးသည်   နယ်စပ်ရေးရာ ၀န်ကြီးဌာန၏   ၂၀၁၈-၂၀၁၉ ပထမ(၆)လ ဘဏ္ဍာနှစ်  ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော   ကျိုက်မရောမြို့နယ်၊ တံတားဦး(မူလွန်) ကျောင်းနှင့့်    ဖာသိမ် (အထက-ခွဲ) ကျောင်းများမှ   ဆရာ/ဆရာမများအတွက်     တန်ဖိုးနည်း  နေအိမ်တည်ဆောက်ခြင်း  လုပ်ငန်းခွင်ကို   ကြည့်ရှု့စစ်ဆေးခဲ့သည်။
ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည်   ရေးမြို့နယ်၊    မော့ကနင်-ဘဲလမု-ဘီဆိုင်-ကွမ်းသီး တောလမ်း(၃၄/၆)မိုင်လမ်း   လုပ်ငန်းခွင်သို့  ရောက်ရှိ၍  နယ်စပ်ရေးရာ၀န်ကြီးဌာန၏    ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်    ဆောင်ရွက်ပြီးစီးခဲ့သော   ကျောက်လမ်း(၂/၀)မိုင်နှင့်  ၂၀၁၈-၂၀၁၉  ပထမ(၆)လ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်  ဆက်လက်ဆောင်ရွက်လျက်ရှိသော   ကျောက်ခင်းခြင်း(၁/၄)မိုင်တို့ကို စစ်ဆေးခဲ့ရာ တာ၀န်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်အပေါ်  လမ်းလုပ်ငန်းအရည်အသွေး များကောင်းမွန်ရေးသတ်မှတ်  စံချိန်စံညွှန်းများနှင့်အညီ  ဆောင်ရွက်ရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေ ရေးအတွက်  အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး သည်  ဇူလိုင်လ (၆) ရက်နေ့နံနက်ပိုင်းတွင်   တာဝန်ရှိသူများလိုက် ပါလျက် ရေးမြို့ရှိ   အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့်  နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့သွားရောက်၍ သက်ဆိုင်ရာကျောင်းအုပ်များ၊ သင်တန်းသား/သင်တန်းသူများနှင့်  တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး    လေ့ကျင့်သင်ကြားပေးနေ သော အခြေခံအိမ်တွင်းမှုသင်တန်း၊ စားရိပ်သာများနှင့်အိပ်ဆောင်များကို  လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ရေးမြို့မှထားဝယ်မြို့သို့   မော်တော်ယာဉ်များ ဖြင့် ထွက်ခွာခဲ့ရာ  ရေဖြူမြို့နယ်အတွင်း  ၂၀၁၈-၂၀၁၉ ပထမ(၆)လဘဏ္ဍာရေးနှစ်   ပြည်ထောင်စုရန်ပုံ ငွေဖြင့်     ဆောင်ရွက်လျက်ရှိသော   ပေါက်ပင်ကွင်း-မလွှဲတောင်ကျေးရွာချင်းဆက်    ကျောက်ခင်းခြင်း (၁/၄)မိုင်နှင့်   ဖားချောင်း-တောင်ရင်းအင်း-ဆယ်အိမ်စုကျေးရွာချင်းဆက်    ကျောက်ခင်းခြင်း(၁/၄)မိုင် လုပ်ငန်းခွင်သို့  ရောက်ရှိခဲ့ပြီးတာဝန်ရှိသူများက    လမ်းဖောက်လုပ်မှု   အခြေအနေများအား  ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက   လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ထားဝယ်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းသို့  ရောက်ရှိ၍ ကျောင်းအုပ်၊ နည်းပြနှင့်သင်တန်းသား များအား   တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး    လက်တွေ့သင်ကြားပို့ချလျက်ရှိသော   အခြေခံစက်ပြင်၊ လျှပ်စစ်နှင့်ဂဟေဆက်ခြင်း၊  အခြေခံမော်တော်ကားပြုပြင်ခြင်းနှင့်  လက်ကိုင်ဖုန်းပြုပြင်ခြင်း သင်တန်း များလေ့ကျင့်ပို့ချနေမှုတို့အား  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ဇူလိုင်လ (၇)ရက်နေ့   နံနက်ပိုင်းတွင်   တနင်္သာရီတိုင်း ဒေသကြီး၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးသို့  ရောက်ရှိခဲ့ပြီး    တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအခြေအနေများနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြခဲ့ရာ  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။  ထို့နောက် ၂၀၁၈-၂၀၁၉ပထမ(၆)လပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသောထားဝယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆောက်လုပ်နေမှုအခြေအနေများ ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
    ထို့နောက်      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်     နယ်စပ်ရေးရာဝန်ကြီးဌာန     ၂၀၁၈-၂၀၁၉ ပထမ(၆)လဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်   ဆောင်ရွက်ပြီးစီးခဲ့သော  လောင်းလုံမြို့နယ်၊  စမ်းလှမ်း ကျေးရွာအဝင်လမ်း(၄/၀)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို   ကြည့်ရှု၍ စမ်းလှမ်းကျေးရွာ   အခြေခံအလယ်တန်းကျောင်းခွဲမှ   ကျောင်းသူ/ကျောင်းသားများအတွက်    ကျောင်းသုံးစာအုပ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph