နေပြည်တော်၊ ဧပြီလ ၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား အားကြိုးမာန်တက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ရခိုင်ပြည်နယ် လက်ရှိတည်ငြိမ်အေးချမ်း မှုအား ပိုမိုကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်အစိုးရက လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရေရှည်ဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင် နိုင်ရေးအတွက် စဉ်ဆက် မပြတ် ကြိုးစားဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရ၊ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးနေမှုအခြေအနေများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဘက်စုံ၊ ကဏ္ဍစုံမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၏ အကျိုးဖြစ်ထွန်းမှု များ၊ နယ်စပ်ဒေသရှိ IDPs များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးနေမှုနှင့် နှစ်နိုင်ငံပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။