နေပြည်တော်၊ အောက်တိုဘာလ ၂၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri သည် မွန်းလွဲ (၁) နာရီအချိန်တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံ ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး တို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တောဒေသများ၌ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်နေမှုများ၊ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုကြောင့် နေရပ်မှ ခေတ္တစွန့်ခွာလာသူများအား နယ်မြေအေးချမ်းလာပြီ ဖြစ်သည့်အတွက် မူလနေရပ်များသို့ ပြန်လည်နေရာချထားပေးမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ လိုအပ်သည်များ ကူညီထောက်ပံ့ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ IDPs များနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များနှင့် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၏ အောင်မြင်မှုများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။