နေပြည်တော် ဇူလိုင် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နေပြည်တော်သို့ရောက်ရှိနေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့မှ ဦးစီးအဖွဲ့ဥက္ကဋ္ဌများအား ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းတို့မှ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများက ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြကြစေလိုပါကြောင်း၊ တင်ပြချက်များအပေါ် ချက်ချင်းဆောင်ရွက်ပေး နိုင်သည့် ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပြီး နှစ်အလိုက်လျာထားဆောင်ရွက်ပေး ရမည့် ကိစ္စရပ်များကိုလည်း ဘဏ္ဍာငွေများ လျာထားတင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းလူတို့က ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။