သမုဒ္ဒဂီရိမြို့၊ မိုခါမုန်တိုင်းနှင့် ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည် ( ၁ )

အစွန်းရောက် ရာသီဥတု
ကမ္ဘာကြီးအနှံ့တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် ပြင်းထန်သော မုန်တိုင်းကြီးများ နှစ်စဉ် နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိပေသည်။
    ကမ္ဘာ့ရာသီဥတု စနစ်ကြီးတစ်ခုလုံး ပြောင်းလဲနေခြင်းဖြစ်ပါသည်။ အချို့နေရာများတွင် မိုးရွာ သည့်နေ့ရက်များ ပိုမိုတိုးလာ၏။ အချို့နေရာများတွင်မူ မိုးခေါင်သည့်ကာလ ပိုမိုရှည်လျားလာ၏။ အပူလှိုင်း (El Nino) တွေဖြစ်ပေါ်လာသည်။ အအေးလှိုင်း (La Nina) တွေဖြစ်ပေါ်လာသည်။                     အပူလှိုင်းနှင့် အအေးလှိုင်းတို့ကား အလွန် အန္တရာယ်ရှိသော သဘာဝ ဖြစ်စဉ်များပင် ဖြစ်ပါသည်။ ထိုဖြစ်စဉ် နှစ်ခုလုံးက ကမ္ဘာ့ပတ်ဝန်းကျင်ကို ဆိုးကျိုးများစွာ သက်ရောက်စေခဲ့သည်။
    ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တစ်နှစ်လျှင် ပျှမ်းမျှ ၁၀ ကြိမ် ဖြစ်ပေါ်တတ် သည့်အနက် ၆ ဒသမ ၈ ရာခိုင်နှုန်းသည်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်တတ်ပါသည်။ သို့သော် ၁၉၉၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်သည့် အကြိမ်အရေအတွက် တိုးလာနေကြောင်း မှတ်တမ်းများ အရတွေ့ရပါသည်။ အားကောင်းသော မုန်တိုင်းများသည် သုံးနှစ်လျှင်တစ်ကြိမ်ခန့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လေ့ရှိသည်။
    ထိုဖြစ်စဉ်များကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်၊ ဧရာဝတီနှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ မုန်တိုင်းဒီရေ ဝင်ရောက်မှုနှင့် လေပြင်း တိုက်ခတ်မိုးကြီးမှုတို့ကို တိုး၍ခံစားရလေသည်။
သမုဒ္ဒဂီရိမြို့
စာရေးသူသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိတိုင်အောင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ရှေးရခိုင်မင်းဆက်တို့၏ဒေသ စစ်တွေမြို့တွင် ဆယ်စုနှစ်တစ်စုနီးပါးခန့် တာဝန် ထမ်းဆောင်ခဲ့ရသည်။
    ကစ္စပနဒီ ခေါ် ကုလားတန်မြစ်သည် ရခိုင်တို့၏ ပင်မသွေးကြောလည်းဖြစ်၊ ရခိုင်ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးစည်ပင်ဖြတ်သန်းရာ အရပ်ဌာနလည်းဖြစ်၏။ ထိုကုလားတန်မြစ်၏ မြစ်ဝပိုင်း မြစ်ရေစီးရာ လက်ယာဘက်ကမ်းတွင် စစ်တွေမြို့တည်ရှိသည်။ ပင်လယ်သမုဒ္ဒရာအနီး၌ မြို့တည်ခဲ့၍ ရှေးဟောင်း စာပေများတွင် သမုဒ္ဒဂီရိမြို့ (စစ်တွေ)ဟုလည်း တွေ့ရသည်။ စစ်တွေမြို့တည်ရှိရာကျွန်းတွင် တောင်ဟူ၍ မရှိ။ တောဟူ၍မရှိ။ ရခိုင်ပြည်နယ်တွင် တော၊ တောင် မရှိသည့်မြို့ဟူ၍ စစ်တွေ တစ်ခုတည်းသာ ရှိပါသည်။
စစ်တွေကျွန်းသည် အရှေ့ဘက်တွင်ကုလားတန်မြစ်ဝ၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ် အော်၊ အနောက်ဘက်တွင် မယူမြစ်ဝ၊ မြောက်ဘက်တွင် မြစ်ဝနှစ်ခုကို ဆက်သွယ်ပေးသော ချောင်း များရှိကြသည်။ ရေပတ်လည်ဝိုင်းနေသည့် ကျွန်း၏ အကျယ်အဝန်းမှာ ၈၉ ဒသမ ၄၂ စတုရန်းမိုင်ခန့် ရှိသည်။ ကျွန်း၏အကျယ်ဆုံးနေရာတွင် ၁၄ မိုင်၊ အကျဉ်းဆုံးနေရာတွင် ၂ မိုင်မျှရှိသည်။ စတုရန်း မကျတကျပုံဖြစ်ပြီး အနောက်မြောက်မှအရှေ့တောင်သို့ သွယ်တန်းနေသည်။ ပင်လယ်ကမ်းခြေ အရှည်မှာ ၁၂ မိုင်မျှရှိလေသည်။ 
မုန်တိုင်းမြင်ကွင်း
    စစ်တွေတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က စာရေးသူနေထိုင်သည့်အဆောက်အဦနှင့် ပင်လယ် ကမ်းခြေမှာ ၃ မိုင်ခန့်သာဝေးသည်။ ထို့ကြောင့် ပင်လယ်လှိုင်းသံတဝုန်းဝုန်းသည် ညစဉ်အိပ်ရာဝင်  ဂီတသံစဉ်များဖြစ်ခဲ့၏။ ထို့ပြင် နှစ်စဉ်ကြုံနေကျ မုန်တိုင်းကြီးငယ်တို့နှင့်လည်း မိတ်ဆွေဖြစ်ခဲ့ပြန်၏။ မုန်တိုင်းအများစုမှာ မိုးဦးနှင့် မိုးနှောင်း ကာလများတွင်သာ ဖြစ်ပေါ်တတ်ပြီး တစ်ခါတစ်ရံတွင်သာ မိုးလယ် ကာလများတွင် တိုက်ခတ်လေ့ရှိပါသည်။ မုန်တိုင်းကာလများကို တုန်လှုပ်စွာ၊ ကြံ့ခိုင်စွာ ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းခဲ့ရဖူးပါသည်။ မိုင် ၂၀၊ ၃၀ လေတိုက်နှုန်းများသည် စစ်တွေ၏ လေပြည်လေညင်း ဖြစ်သည်။ မိုင် ၅၀၊ ၆၀ လေတိုက်နှုန်းများက စစ်တွေဒေသသားတို့အတွက် စာမဖွဲ့လောက်ခဲ့။ သို့သော် အင်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ကိုမန်၊ မာလာ၊ ဂီရိ ကဲ့သို့မုန်တိုင်းများ၊ လေဆင် နှာမောင်းများ၏ လက်ခမောင်းခတ် စိန်ခေါ်ခြင်းကိုတော့ ကြံ့ကြံ့ခံခဲ့ရပေသည်။ 
လေပြင်းမုန်တိုင်းဝင်ရောက်ချိန်တိုင်း တောနှင့် တောင်မရှိဘဲ ပင်လယ်ပြင်များ၊ လယ်ကွင်းများ  ကွင်းလဟာပြင်များသာ ဝန်းရံတည်ရှိနေသော စစ်တွေမြို့ကြီးသည် မုန်တိုင်းဒဏ်ကို လည်စင်းခံရ တော့သည်။ 
မိုးသက်မုန်တိုင်းတို့သည် တဟဲဟဲကြုံးဝါးအော်မြည်သံနှင့်အတူ အရပ်ရှစ်မျက်နှာတို့မှ တရစပ် တိုက်ခတ်ကုန်၏။ လေပြင်းတို့က ရွှီကနဲ ရွှီကနဲ ဝေါကနဲ ဝေါကနဲ အသံပြု၏။ လျှပ်ပန်းတဝင်းဝင်းနှင့် ကြက်သီးမွေးညင်းထဖွယ် လျှပ်စီးလက်၏။ မိုးခြိမ်းသံတွေ တခြွင်းခြွင်းမြည်ဟိန်း တဂျိမ်းဂျိမ်း တဂျိုင်းဂျိုင်း နှင့် ကြောက်မက်ဖွယ် ခြိမ်းခြောက်၏။ ပင်လယ်လှိုင်းတွေ မြင့်တက်ကာ တဝုန်းဝုန်းနှင့် ကမ်းခြေကိုအရှိန်နှင့် ဆင့်ကဲဆင့်ကဲ တဟုန်ထိုး ပြေးဝင်ရိုက်ခတ်ကြ၏။ မိုးသည်းထန်စွာ သဲကြီး မဲကြီးရွာ၏။ ကောင်းကင်ပြင်ကြီး တစ်ခုလုံး မည်းမည်းမှောင်နေ၏။ တစ်ခါတစ်ရံ နီနီရဲသောအဆင်း ရှိ၏။
 လေကား  တောင်က တိုက်၏။ မြောက်ဘက်က ဝေ့ဝေ့ဝိုက်ဝိုက် တိုက်ပြန်၏။ ပြီးတော့ အရှေ့၊ အနောက်ကလည်း လေအရှိန် ပြင်းပြင်းနှင့် ဝင်ဆောင့်ကြ၏။ သစ်ပင်ကြီးများ လိမ်ကောက် ကုန်ကြ၏။ သစ်ပင်တို့အမြစ်မှ တဖွားဖွား ကျွတ်ထွက်ကုန်ကြ၏။ သစ်ကိုင်းတို့ကငုံးတိ အရွက်မရှိ တော့။ အရိုးပြိုင်းပြိုင်းသစ်ကိုင်းတို့ မြေပြင်မှာ ကျိုးပြတ်လွင့်စဉ်ကြရ၏။ နှစ်ချို့သစ်ပင်ကြီးများ၊ သစ်ပင်ငယ်များ မြေပြင်၌ ပြားပြားဝပ်ကုန်ကြ၏။ အိမ်ပေါ်သို့ လမ်းပေါ်သို့ တဖြောင်းဖြောင်း ကျိုးကျ ကုန်၏။ 
သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်၊ အုန်းပင်၊ အုန်းရွက်၊ အုန်းလက်၊ ထရံ၊ သွပ်မိုး၊ ဓနိသက်ကယ်တို့ အမှိုက်သရိုက်များနှင့် အတူ လေထဲမှာ စက္ကူချပ်သဖွယ် လွင့်စဉ်ဝဲပျံနေကြ၏။ အိမ်ခေါင်အစုံလိုက်၊ အတွဲလိုက် ကျွတ်ထွက်ကုန်၏။ အဆောက်အဦနံရံများ ပရမ်းပတာ ဂျွမ်းထိုးမှောက်ခုံပြိုကျပျက်စီး၏။ မှန်တံခါးတွေ ခွမ်းကနဲ ခွမ်းကနဲ ပွင့်ထွက်ကုန် ၏။ အမိုးသာမက ဒိုင်း/မြား တို့သည်ပင်လျှင် လွင့်ဝဲပြီး မြေပြင်၌ ဓား/လှံသဖွယ် အရှိန်ဖြင့် ဒုတ်ဒုတ်ထိ စိုက်ဝင်ကြကုန်၏။ ခြံစည်းရိုးများ ဖရိုဖရဲ တဝုန်းဝုန်း နှင့် ပြိုလဲကုန်၏။ ဓာတ်တိုင်၊ဓာတ်ကြိုးများကား သစ်ပင်သစ်ကိုင်းများပိပြီး အရုပ်ကြိုးပြတ် ဖြစ်ကုန် ၏။ ငှက်များ၊ တိရစ္ဆာန်များ တုံးလုံးပက်လက်သေကြ၏။ မုန်တိုင်းအလွန် နောက်ဆက်တွဲ လေပြင်း များကိုလည်း တဖန်ကြောက်ကြရပြန်၏။ 
မုန်တိုင်းတို့သည် အချိန်ပိုင်းအတွင်း နာရီပိုင်းအတွင်းသာ တိုက်ခတ်သွားခဲ့သော်လည်း မုန်တိုင်းစဲ ငြိမ်သက်ပြီးနောက် တွေ့မြင်ရသည့် မြင်ကွင်းများကား မယုံနိုင်စရာ ကောင်းလောက်အောင်  အလွန် ဆိုးရွား အကျည်းတန်လွန်းလှပေစွ။ 
မိုခါမုန်တိုင်း
ယခုတစ်ကြိမ်တွင်လည်း သမုဒ္ဒဂီရိသည် ဆိုင်ကလုန်မုန်တိုင်းကြီးမိုခါ (MOCHA) နှင့် ထပ်မံ ကြုံတွေ့ရင်ဆိုင်ရပြန်လေပြီ။
သဘာဝဘေးဒဏ်သည်ကား မည်သည့်အချိန် ဖြစ်ပေါ်လာမည်ကို ကြိုတင်သိရှိရန်ခက်ခဲပြီး မဖြစ်ပွားမီ ရက်အနည်းငယ်အလိုမှပင် မည်ကဲ့သို့ဖြစ်ပေါ်လာနိုင်သည်ကို ခန့်မှန်းသိရှိနိုင်ပေသည်။
ယခင်ဖြစ်ပေါ်ခဲ့ကြုံဖူးခဲ့သော မုန်တိုင်း အတွေ့အကြုံများကြောင့် နိုင်ငံတော်သည် ယခု တစ်ကြိမ် တွင် ကြိုတင်ပြင်ဆင်မှုများ အားကောင်းခဲ့ပါသည်။ မုန်တိုင်းဝင်ရောက်နိုင်သည့်နေ့ရက်၊ အချိန်တို့ကို ကြိုတင်ခန့်မှန်းကြသည်။  သဘာဝဘေးအန္တရာယ်ကို အန်တုမည့်ပရောဂျက် (Projects) များရေးဆွဲ နိုင်ခဲ့သည်။ အမျိုးသားသဘာဝ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အချိန်မီကျင်းပခဲ့သည်။ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက လည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။ 
“ကာကွယ်တားဆီးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနဲ့ ပြန်လည်ထူထောင် ခြင်းတို့သည် အရေးကြီးသဖြင့် ဒေသခံများအနေနှင့်  သဘာဝဘေးအန္တရာယ်ကို ကြိုတင်မျှော်တွေး ပြင်ဆင်ကြရန်၊ ကာကွယ်မှုနဲ့ အနိုင်ယူသွားကြရန်လိုအပ်ကြောင်း” နိုင်ငံတော်အကြီးအကဲက လမ်းညွှန် ခဲ့ပါသည်။
ထိုအစည်းအဝေးလမ်းညွှန်ချက်များနှင့်အညီ “မုန်တိုင်းနှင့်ပတ်သက်၍ အပိုင်း ၃ ပိုင်းဖြင့် ရင်ဆိုင် ဖြေရှင်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ပထမပိုင်းမှာ (Preparation) ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယ ပိုင်းမှာ (Rescue) ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တတိယပိုင်းမှာ (Rehabilitations) ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ 
စာရေးသူသည် ရခိုင်ဒေသတွင် အချိန်အတော်ကြာနေထိုင်ခဲ့ဖူးသဖြင့် ဒေသစွဲသံယောဇဉ်များ ရှိပါ သည်။ ထို့ကြောင့် စိုးရိမ်စိတ်ဖြင့် စစ်တွေရှိ သူငယ်ချင်း၊ ရောင်းရင်းမိတ်ဆွေများထံ ဖုန်းဆက် အားပေးရင်း ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းမတိုင်မီကြိုတင်ပြင်ဆင်မှု အားကောင်းမှုများအကြောင်း ကောင်းစွာသိရှိ ခဲ့ရပါသည်။ 
ကြိုတင်ပြင်ဆင်မှုမရှိလျှင် နှစ်ခါရှုံးရသည်ဟု မှတ်သားဖူးပါသည်။
မုန်တိုင်း၏ထိုးနှက်ဖျက်ဆီးမှု
ဤသို့ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ၁၃း ၃၀ နာရီအချိန်ခန့်မှစတင်၍ မိုခါမုန်တိုင်းသည် စစ်တွေမြို့ကို ဝင်ရောက်ပြီး ကြမ်းတမ်းစွာထိုးနှက် မွှေနှောက်ဖျက်ဆီးပါတော့သည်။ ထိုအချိန်မှစ၍ မိတ်ဆွေများနှင့်လည်း ဖုန်းအဆက်အသွယ် ပြတ်တောက်သွားတော့သည်။ မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီသတင်း၊ ရေဒီယိုသတင်းများကို နားစွင့်ရသည်။ နေ့စဉ်သတင်းစာများကို မျက်ခြည်မပြတ် ဖတ်ရ သည်။ မိုခါဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ကျော် အထိ ရှိခဲ့သည်ဟုဆို၏။ အင်အားအလွန် ပြင်းထန်သလို  အဖျက်စွမ်းအားလည်း အလွန် ကြီးမားခဲ့၏။ မုန်တိုင်းဗဟိုချက်သည် စစ်တွေအနီးမှဖြတ်သန်းခဲ့ခြင်းကြောင့် စစ်တွေဒေသသည် အပျက်အစီး ပမာဏ လွန်စွာများပြားခဲ့ရသည်။ အဆောက်အအုံ၊ အိမ်ရာ၊ လမ်းတံတား၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး၊ သာသနိကအဆောက်အအုံများ၊ စေတီပုထိုးများ၊ သစ်ပင်များ အတော် များများ ပျက်စီးခဲ့ရလေသည်။  ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ပျက်စီးမှုတန်ဖိုး ငွေကျပ် ၅၂၂ ဘီလီယံခန့် ရှိခဲ့သည်ဟု သိရပါသည်။
စစ်တွေမြို့ပေါ်ရှိ အဆောက်အဦခေါင်မိုးများ ၉၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ကြောင်းလည်း သိရ သည်။ ဆက်သွယ်ရေးအော်ပ‌ရေတာ မိုဘိုင်းစခန်း ၁၂၀၀ ကျော်အနက် ၉၀၀ ကျော် ပျက်စီးသွားခဲ့ သဖြင့် အဆက်အသွယ်များ ပြတ်တောက်ခဲ့ရပါသည်။
မုန်တိုင်းကြောင့် ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ငါးခြောက်လုပ်ငန်းများ ပျက်စီးကြရသည်။ သောက်သုံးရေ အခက်အခဲ၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများပါ ထိခိုက်ခဲ့ပါသည်။ 
    ထို့အပြင် ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော စသောမြို့နယ်များ အတွင်း ဆည်နဲ့တာတမံတွေ အချို့ပျက်စီးသွားခဲ့သည်ဟုလည်း သိရပါသည်။     
သို့သော် လူထိခိုက်ဆုံးရှုံးမှုမှာ မုန်တိုင်း၏ ပမာဏနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးသာဖြစ်ခဲ့သည်။ ဤသည်မှာ မုန်တိုင်းမဝင်မီကာလက နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့သည့် ကြိုတင်ပြင်ဆင်မှု၊ အချိန်နှင့် တစ်ပြေးညီ သတိပေးမှု၊ အသိပညာပေးမှုများ နှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ ကြောင့် ရရှိလာသည့် ရလဒ်ပင်ဖြစ်ပေသည်။
မုန်တိုင်းအလွန်
    နိုင်ငံတော်ဝန်ကြီးချုပ်သည် မေလ ၁၄ ရက်နေ့ မုန်တိုင်းတိုက်ခတ်သွားပြီးနောက် မေလ ၁၅ ရက် နေ့တွင် ရခိုင်ပြည်နယ်သို့ ချက်ချင်းသွားရောက်ခဲ့ပါသည်။ သဘာဝဘေးဒဏ်ခံခဲ့ရသည့်ဒေသများ အား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့ပါသည်။ ကယ်ဆယ်‌ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များကို တပ်မတော် လေယာဉ်များ၊ သင်္ဘော များဖြင့် အဆက်မပြတ် တဖွဲဖွဲစေလွှတ်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထိခိုက်ပျက်စီးမှု ပမာဏကြီးမားလွန်းသည့်အတွက် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ် ၁၇ မြို့ နယ်ကို သဘာဝဘေး အန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ 
    သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲရေးနှင့် စပ်လျဉ်း၍ “လုပ်စရာရှိသည်များကို မြန်မြန် ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးမူလ အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ‌အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း အကူအညီ ပေးအပ်မည်ဟု ကမ်းလှမ်းလာသဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ရှိပြီးသား အားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း” ဖြင့်လည်း မှာကြားခဲ့ပါသည်။
    ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားလုံးကို အနီးကပ်ကြီးကြပ်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့အား တာဝန်ပေးခဲ့ပါသည်။ ထို့အပြင် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်‌ရေးလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုးဆောင်ရွက်ပေးရန် ဒေသများ ပိုင်းခြားလျက် တပ်မတော်အဆင့်မြင့်အရာရှိကြီးများကို တာဝန်အသီးသီးပေးအပ်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နိုင်ငံအနှံ့နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ခြင်းကို ၁၉၉၂- ၁၉၉၃ ဘဏ္ဍာရေးနှစ်မှ စတင်ခဲ့သည်မှာ ယနေ့ကာလအချိန်အထိ ဆိုလျှင် နှစ်ပေါင်း ၃၀ ‌ကျော်ခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ကြီးကြပ်နိုင်ရန် ပြည်နယ်ရုံး ၁ ရုံး၊ ခရိုင်ရုံး ၃ ရုံး၊ မြို့နယ်ရုံး  ၈ ရုံး နှင့် မြို့နယ်ခွဲရုံး ၃ ရုံးတို့ကို ဖွင့်လှစ်ထားရှိပါသည်။ ထို့အပြင် လူငယ်သင်တန်းကျောင်း ၃ ကျောင်း၊ စက်မှုသင်တန်းကျောင်း ၂ ကျောင်းနှင့် အိမ်တွင်းမှု သင်တန်း ကျောင်း  ၃ ကျောင်း ဖွင့်လှစ်၍ ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ 
ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှသာ ဒေသဖွံ့ဖြိုးရေးကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ဒေသ တစ်ခုချင်းစီ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
မိုခါမုန်တိုင်းမတိုင်မီကပင် ရခိုင်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၇၇၄၈၉ ဒသမ ၈၃၂ သန်းသုံးစွဲလျက် ဒေသတွင်းလူမှုစီးပွား ဆိုင်ရာ ဖွံ့ဖြိုးရေးကဏ္ဍအသီးသီးတွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ လမ်း/တံတားကဏ္ဍတွင် မြေလမ်း ၄၁၁ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၃၉၉ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၃၆ မိုင် ၃ ဖာလုံ၊ ကွန်ကရစ် လမ်း ၃၈ မိုင် ၃ ဖာလုံနှင့် မြစ်ချောင်းများပေါများလှသည့် ရခိုင်ပြည်နယ်အတွင်း တံတားကြီး/ငယ် ပေါင်း ၂၀၁၀ စင်းတို့ တည်ဆောက်ပြီးစီးခဲ့ပါသည်။
နိုင်ငံတော်အနာဂတ်အတွက် အခြေခံအ‌ရေးကြီးလှသည့် ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းပေါင်း ၁၀၅ ကျောင်း၊ ကျန်းမာရေးကဏ္ဍတွင်  ကျန်းမာ‌ရေးဌာနပေါင်း ၂၇ ခုတို့ အား တည်ဆောက်ပေးနိုင်ခဲ့ပါသည်။ ထို့အတူ ရေရရှိရေးကဏ္ဍတွင်လည်း ‌ရေရရှိရေးလုပ်ငန်းပေါင်း ၁၈၂ ခု နှင့် သာသနာရေးလုပ်ငန်းအနေဖြင့် ဘုန်းတော်ကြီးကျောင်းပေါင်း ၇၀ ကျောင်းကိုလည်း ဆောက်လုပ် လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျေးရွာများ မီးလင်းရေးအတွက် ဆိုလာပြား နှင့် ဆက်စပ်ပစ္စည်းများ ၁၄၂၁၀ စုံ အား မြို့နယ်များ၊ ကျေးရွာများ၊ ကျွန်းများ၊ IDP စခန်းများအထိ ပြည်နယ်၏ နေရာအနှံ့နီးပါး ဖြန့်ခွဲတပ်ဆင်ပေးနိုင်ခဲ့ပါသည်။ အိမ်ရာဆောက်လုပ်ရေး ကဏ္ဍတွင်လည်း တန်ဖိုးနည်း အိမ်ရာပေါင်း ၈၀၁ လုံး ဆောက်လုပ်ပေးနိုင်ခဲ့ပါသည်။ 
ပြိုင်တူတွန်းကြရမည်
     သို့သော် ယခုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၏ အင်နှင့်အားနှင့် ဖျက်ဆီးခံရမှုကြောင့် ဆောင်ရွက် ပြီးသည့် အချို့သောဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ ထိခိုက် ပျက်စီးခဲ့ရပြီ။ ဝန်ထမ်းအိမ်ရာများ၊ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ ဒေသခံတို့၏မြို့ပြအဆောက် အဦများ၊ ကျေးလက်နေအိမ် တော်တော်များများ၊ သာသနာရေးဆိုင်ရာအဆောက်အဦများ၊ စာသင် ကျောင်းများ၊ ဆေးရုံများ ကြေမွပြိုကျပျက်စီးခဲ့ရပြီ။ ဒေသတစ်ခုလုံးလိုလို ပြန်လည်ပြုပြင်ထူထောင် ပေးရန်အတွက် အရေးပေါ်လိုအပ်ခဲ့လေပြီ။ အချိန်အတိုင်းအတာ တစ်ခုတော့ ယူရပါလိမ့်မည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်တွေသို့ ရောက်ရှိသည်နှင့် ပြန်လည် ထူထောင်ရေး                လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေပြင်သို့ ချက်ချင်းကွင်းဆင်းကြသည်။ ဖြန့်ခွဲပြီး အချက်အလက် များအသေးစိတ်ရယူသည်။ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးသည်။ ထူထောင်ရေး လုပ်ငန်းများကို ရှိသမျှအင်အားနှင့် နေ့နေ့ညည အကောင်းဆုံးဖြစ်အောင် စီစဉ်ခဲ့ကြသည်။ အလျင်              လိုအပ်သည်မှာ အခြေခံစားကုန်၊ ဆေးဝါးနှင့် တည်ဆောက်ရေးပစ္စည်းများပင်ဖြစ်သည်။ 
မုန်တိုင်းပြီးနောက် မကြာမီ မုတ်သုန်မိုးကလည်း ဆက်ပေသေးသည်။ လောလောဆယ် လူနေ အဆောက်အဦများ၏ အမိုးအကာများလုံခြုံစေဖို့ အမိုးသွပ်များ၊ မိုးကာစများ လိုအပ်သည်။ သစ်ပင် များလဲကျ ပိတ်ဆို့နေသောလမ်းများကို ဦးစွာရှင်းရသည်။ အပျက်အစီးများကို ဖယ်ရှားရသည်။ သစ်ပင်များ ဖြတ်တောက်ရန် Chainsaw များလည်း လိုအပ်သည်။ စက်/ယန္တရားများ၊ ကားများ လိုအပ်သည်။
ထို့ကြောင့် လိုအပ်သောပစ္စည်းများကို ရရှိနိုင်သည့် ကား၊ သင်္ဘော၊ လေယာဉ် လမ်းကြောင်း များမှတဆင့် ရခိုင်ပြည်နယ်သို့ အမြန်ဆုံးပို့ဆောင်ပေးရန် မှာယူခဲ့ပါသည်။
    မူလတန်းအရွယ်က သင်ယူခဲ့ရသော ယခုတိုင်မှတ်မိနေသေးသည့် ဖတ်စာအား သတိရမိပါ သည်-
    ဇွန်ပန်းရုံအနီး
    လှည်းဘီး နွံထဲကျွံနေသည်။
    ကူ၍တွန်းပေးကြပါ။
    လေးလွန်း၍ မတွန်းနိုင်ဘူးလား။
    ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။           ။

    ဝထကလသ
    (နတလ)
 

Post Paragraph