နေပြည်တော် ဇန်နဝါရီ ၂
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့၏ ရန်ပုံငွေလျာထားရေး (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၂) နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားရာ၌ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ ပေါ့အင်ကျေးရွာအုပ်စု၊ မွှေးပြင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စုများ၌ အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါရှေ့ပြေးစီမံကိန်း လုပ်ငန်းအား ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ ဆန်းစစ်ခြင်းအဖွဲ့နှင့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်စီစစ်ခြင်း အဖွဲ့များအား လိုအပ်တဲ့ဌာနများ ထည့်သွင်းပြီး ပြင်ဆင်ဖွဲ့စည်းခွင့် ရရှိရေးအတွက် မိမိတို့အဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့မှပါဝင်တဲ့ ဌာနများအနေဖြင့် လစဉ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ တင်ပြရာတွင် လုပ်ငန်းစတင်ဆောင်ရွက်နိုင်သည့် ဌာနများ ရှိသကဲ့သို့ လုပ်ငန်းများ စတင်မဆောင်ရွက်နိုင်သေးတဲ့ ဌာနများလည်း ရှိနေသေးတာကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းများ စတင်မဆောင်ရွက်နိုင်သေးသည့် ဌာနများအနေနဲ့ ဘယ်လိုအခက်အခဲတွေကြောင့် လုပ်ငန်းများ စတင်မဆောင်ရွက်နိုင်သေးတာကို ဆွေးနွေးပေးစေလိုပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လစာအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်း တင်ပြစေလိုပါကြောင်း၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ သက်ဆိုင်ရာစီမံကိန်းဒေသများရဲ့ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ဒီလို လူမှုစီးပွာဘဝများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မူးယစ်ဆေးဝါးဘက် ပြန်မလှည့်တောဘဲ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများ ပိုမိုပီပြင်ထိရောက်အောင်မြင်မှာ ဖြစ်တဲ့အတွက် တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များအနေနဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်များပေးရင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ ဌာနအသီးသီးမှ ကိုယ်စားလှယ်များက ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး တင်ပြကြပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အစားထိုးဖွံ့ဖြိုးရေးရှေ့ပြေး စီမံကိန်းနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် နယ်စပ်ရေးရာဝန်ကြီး ဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။