March 2022
ဇာဒက်ကြီးကျွန်း၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
နေပြည်တော် မတ် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ မတ်လအထိ ခြောက်လဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၈၅ ဒသမ ၈၄၁ သန်းဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ဇာဒက်ကြီးကျွန်းပတ်လမ်း ၆၆/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
မိုင်းတုံမြို့နယ်၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ နမ့်ဟူးခွန်-ပါချီးလမ်းပေါ်ရှိ ၄၅ ပေတံတား တည်ဆောက်ပြီးစီး
မိုင်းတုံ မတ် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ၁၃၀ ဒသမ ၄၅၃ သန်းဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ နမ့်ဟူးခွန် ကျေးရွာအုပ်စု၊ နမ့်ဟူးခွန်-ပါချီး ၈/၀ မိုင်လမ်းပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၄၅ ပေအရှည် သံကူကွန်ကရစ်တံတားတစ်စင်းသည် လက်ရှိတွင် တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
နမ့်ဆန် မတ် ၃၀
နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun အား လက်ခံတွေ့ဆုံ
နေပြည်တော် မတ် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun အား ယနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။