ဘားအံ မတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB) တို့ ပူးပေါင်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ဘားအံ၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၁)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၁)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၁၀) နှင့် ဂဟေသင်တန်းအမှတ်စဉ်(၉) တို့၏ သင်တန်းများဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပညာရေးနှင့်လေ့ကျင့်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကာ Sustainabridge(SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးစောတင်ဝင်းမြင့်က သင်တန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း တို့က သင်တန်းများမှ ထူးချွန်သင်တန်းသား တစ်ဦးစီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးတို့က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ သင်တန်းများဆင်းပွဲတွင် သင်တန်းသားစုစုပေါင်း ၃၃ ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ လက်တွေ့ ဆောင်ရွက်ထားသည့် သင်တန်းဆင်း သင်တန်းသားများ၏ လက်ရာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။