နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်၊ ကော့ကရိတ် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ ပထမခြောက်လ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၈၀ ဒဿမ ၆၀၄ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ထို့ကော်ကိုး-ကျော်ခို လမ်း ၁၈/၄ မိုင် ပေါ်တွင် ၈၀ ပေ သံကူကွန်ကရစ် တံတား တစ်စင်းနှင့် ၂၀ပေ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ တံတားများတည်ဆောက်ပြီးစီးပြီဖြစ်၍ ကော့ကရိတ်မြို့နယ်၊ နဘူးတံခွန်တိုင် ကျေးရွာအုပ်စု၊ ထို့ကော်ကိုးကျေးရွာမှ မြဝတီမြို့သို့လည်ကောင်း၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်သို့လည်းကောင်း အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ကြောင်း ကော့ကရိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သတင်းရရှိပါသည်။