နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၁၀ ဒသမ ၆၀၂ သန်းဖြင့် ကချင်ပြည်နယ် ချီဖွေမြို့နယ် ၄-မိုင်တပ်စခန်း-စုစည်း-တောင်သုံးလုံး-မက်လင်ကော့လမ်း ၁ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ချီဖွေမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အဆိုပါလမ်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ လမ်းတာချဲ့ခြင်းနှင့် ကျောက်ခင်းလမ်း လုပ်ငန်းများ စတင်ဆောင်ရွက်ရာ ယခုအခါ ၁၉ မိုင် ရှိသည့်အနက် ၇ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါလမ်း ၁၉ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဆော့လော်မြို့နယ်နှင့် တရုတ်နယ်စပ်ဒေသဖြင့် ထိစပ်နေသည့် ဖီမော် ကျေးရွာအုပ်စု၊ ကန်းဖန့်ကျေးရွာအုပ်စု၊ လန်ဆယ်ကျေးရွာအုပ်စုတို့နှင့် ဆက်သွယ်ထားသော အဓိကလမ်းဖြစ်သဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသထွက်ကုန်များကို မြို့ပေါ်သို့ အချိန်တိုအတွင်း ပို့ဆောင်နိုင်တော့မည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုများစွာ အထောက်အကူ ပြုသည့်အတွက် ကျေးလက်နေပြည်သူများအနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်း သိရသည်။