မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)ဖွင့်လှစ်

မောင်တော    အောက်တိုဘာ ၂၃
        ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
        ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်းက ကျေးလက် နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွား လာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေနိုင်ရေး စသည့်လုပ်ငန်းစဉ်များအတွက် အထောက်အကူ ပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
        ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်က သင်တန်းမှ ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်း ပြသထားသည့် နမူနာလက်ရာများနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။
        အဆိုပါ သင်တန်းတွင် သင်တန်းသူများမှာ ကျေးလက်နေ ဒေသခံ တိုင်းရင်းသူများ ဖြစ်ပြီး မောင်တောမြို့မှ ၂၃ ဦး၊ ဘူးသီးတောင်မြို့မှ ၇ ဦး စုစုပေါင်း အဆင့်မြင့် သင်တန်းသူ ၃၀ ဦး တက်ရောက် သင်ယူမည်ဖြစ်ရာ သင်တန်းကာလမှာ အောက်တိုဘာ ၂၃ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်အထိ ၂၂ ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။
  သက်လွင်စိုး(ပြန်/ဆက်)
 

Post Paragraph