နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ၏အကူအညီ Quick Impact Projects ဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအရ နှစ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အခြေခံအဆောက်အဦ(လမ်း/တံတား)၊ ပညာရေးနှင့် ကျန်းမာရေးစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီ ဖြင့် “ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ(Quick Impact Projects-QIPs) ” အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးဆောင်ရွက်ခဲ့သည့် လဟယ်မြို့နယ် တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာဘက်စုံသုံး ခန်းမ ၆၀x၃၀x၁၂ပေ RC တစ်ထပ် ဆောက်လုပ်ခြင်း၊ ပေ ၂၀ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းနှင့် ၅x၅x၂၆ပေ Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများ ယခု အခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
    အဆိုပါ ဘက်စုံသုံးခန်းမ၊ ပေ ၂၀ ကွန်ကရစ်တံတားနှင့်  Box Culvert များ တည်ဆောက် ပေးနိုင်မှုကြောင့် လဟယ်မြို့နယ်၊ လဟယ်-တိုက်ရံ-ဆပ္ပလော်နောက်ကုန်း-ဆော်လော်နောက်ကုန်း-ပုံညိုနောက်ကုန်းလမ်းပေါ်ရှိ ဒေသခံကျေးရွာပေါင်း ခြောက်ရွာ၊ အိမ်ခြေ ၁၃၄၈ အိမ်၊ လူဦးရေ ၇၇၉၁ တို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Post Paragraph