ဟိုပုံး သြဂုတ် ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ပဲ၊ ဆီနှင့် ဆား အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့က ပအိုဝ်းဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် ဝန်ထမ်းများက ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ပုံလောင်းကျောင်းတိုက်သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး မြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလိုင်၊ ဗွေလွန် ကျောင်းတိုက်သို့လည်းကောင်း ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။