နေပြည်တော် အောက်တိုဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၄ ကျောင်းတို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ သင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ လွိုင်ကော်မြို့ သင်တန်းကျောင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပုသိမ်မြို့ သင်တန်းကျောင်းတွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လားရှိုးမြို့ သင်တန်းကျောင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နို င်နိုင်ဦး၊မိုင်းဆတ်မြို့ သင်တန်းကျောင်းတွင်အမှတ် (၁၄)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ မြိုင်ကြီးငူမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ ဆိုက်ခေါင်မြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ခန္တီးမြို့ သင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာ အဖွဲ့စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်မောင်မောင်၊ လဟယ်မြို့ သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့ တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှု အောက်ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးမှူးများနှင့် သက်ဆိုင်ရာခရိုင်/မြို့နယ်များရှိ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ အမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျရောင်းချပေးပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသည့်အပြင် သင်တန်းထူးချွန်ဆုရရှိသူများအား သင်တန်းကျောင်းမှ အပ်ချုပ်စက် ၁ လုံးစီ ဆုချီးမြှင့်ပေးသည်။ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၄ ကျောင်းတွင် ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသူ ၇၆၂ ဦး တက်ရောက်ခဲ့သည်။ ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ သင်တန်းသူ စုစုပေါင်း ၉၅၈၃၅ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။