နေပြည်တော်၊ ဒီဇင်ဘာလ ၁၈ ရက်
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ က Zoom Application Online System ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့်ကော်မတီ အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ကော်မတီအဆင့်ဆင့် ဖွဲ့စည်း၍ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် အောင်မြင်မှုများ အထိုက်အလျှောက်ရရှိနေပြီဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများနှင့် ပြည်နယ်အဆင့်ကော်မတီများ အနေဖြင့် ပြီးခဲ့သည့် ၈ လတာ ကာလ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ယခု အစည်းအဝေးတွင် ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြကြရန် ဖြစ်ပါကြောင်း။
လုပ်ငန်းကော်မတီများအနေဖြင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့ များအလိုက် ရန်ပုံငွေထည့်သွင်း လျာထား၍ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ပါကြောင်း။
အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အားလုံး ပူးပေါင်း ပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့မှုကြောင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကျင်းပ ပြုလုပ်ခဲ့သည့် ၇-၄-၂၀၂၃ ရက်နေ့မှ ၃၀-၁၁-၂၀၂၃ ရက်နေ့ထိ အိမ်ထောင်စု ၆,၂၄၆ စု၊ လူဦးရေ ၂၄,၃၇၀ ဦး တို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး ယာယီ ခိုလှုံရာ စခန်း/စုရပ် ၉၀ ခုကို ထပ်မံပိတ်သိမ်းနိုင်ခဲ့ကြောင်း နှင့် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်ခြင်းများကို အဆုံးသတ် စေနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲသော နယ်မြေတည်ငြိမ်အေးချမ်းမှု အမြန်ရရှိနိုင်ရေး အတွက်လည်း ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာ မှီခိုမှုကင်းစွာဖြင့် ရပ်တည် နေထိုင် သွားနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့် အပြင် ဒေသတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများ လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသဖွံ့ဖြိုးရေး အစီအစဉ်များ ချမှတ်ဖော်ဆောင်ရာ၌ များစွာ အထောက်အပံ့ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများ အနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ချမှတ်ထားသောမူဝါဒများ၊ အမျိုးသားအဆင့် မဟာဗျူဟာများ၊ နိုင်ငံတကာ စံနှုန်း များ နှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အလားတူ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများ အားလုံး အချိတ်အဆက်မိမိ နှင့် ဟန်ချက် ညီညီ ထိရောက်ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က ယာယီ ခိုလှုံရာ စခန်း/စုရပ်များရှိ နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုအခြေအနေ၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးမှုအခြေအနေ၊ မူလနေရပ်သို့ ပြန်လည်နေထိုင်သူများအတွက် လတ်တလော လိုအပ်သည်များ ထောက်ပံ့ကူညီပေးလျက်ရှိသည့် အခြေအနေများ နှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ က လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများ နှင့် ရှေ့ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားအဆင့်ကော်မတီဝင် များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က သုံးသပ် အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးရှင်းလင်းတင်ပြကြရာ အမျိုးသားအဆင့် ကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်းတင်ပြချက်များ နှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။