နတလဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တန့်ယန်းလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်  ၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးသည် ဇူလိုင်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် တန့်ယန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက် ပြီး ကျောင်းသား/သူများနှင့်တွေ့ဆုံကာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော (၃)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃)ဦးတို့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် သင်တန်းသားအိပ်ဆောင်များအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ကိုင်းကုန်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ယင်းကျောင်းတွင် ပညာသင်ယူနေကြသော နယ်စပ်ဒေသအသီးသီးမှ စာသင်သား သံဃာတော်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက လစဉ်ထောက်ပံ့လှူဒါန်းသည့် ဆွမ်းဆန်တော်အိတ်များကို ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုသလထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
    ဆက်လက်၍ သာသနဝေပုလ္လရွှေမောင်းသီလရှင်စာသင်တိုက်သို့ သွားရောက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက လစဉ်ထောက်ပံ့လှူဒါန်းသည့် ဆွမ်းဆန်တော်အိတ်များနှင့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံများအားလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လှူဒါန်းသည့် သီလရှင်ဝတ်စုံများအားလည်းကောင်း တိုက်အုပ်ဆရာကြီး သဒ္ဓမ္မဇောတိကဓဇ ဥပ္ပလထေရီထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထိုမှတဆင့်ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး စာသင်သား သံဃာတော်များအတွက် ဆွမ်းဆန်တော်အိတ်များကို အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝဏ္ဏဓဇထံ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ကျောင်းဝန်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာ (မူလွန်)ကျောင်းမှ  ဆရာ/ဆရာမများအတွက် ကျောင်းစိမ်းလုံချည်များ၊ ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ ဖြူ/စိမ်း (၁၁၆၅)စုံ၊ ဗလာစာအုပ် (၅၇၁)ဒါဇင်၊ ခဲတံ (၅၇၁)ဒါဇင်၊ ဘောပင် (၉၆)ဒါဇင်၊ ပေတံ(၉၆)ဒါဇင်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။