တောင်ကြီး ၊ မေလ ၁၂ ရက်
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွယ်ထွဲ-ထီရီး ကျောက်ချောလမ်း (၄/၀) မိုင် ဖွင့်ပွဲအခမ်းအနားအား (၁၂-၅-၂၀၁၇) ရက်နေ့ နံနက် ပိုင်းတွင်လည်းကောင်း၊ ဟိုပုံးမြို့နယ်၊ ကျောင်းလွယ်-ပါပန့်-ထမ်းဘုရား ကျောက်ချောလမ်း (၃/၀) မိုင် ဖွင့်ပွဲအခမ်းအနားအား ညနေပိုင်းတွင်လည်းကောင်း အဆိုပါလမ်းများ၌ ကျင်းပြုလုပ်ခဲ့ရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဌဦးခွန်စံလွင်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်း၀န် ဦးအောင်ဖုန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ လွှတ်တော်ကိုလ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် တာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးအောင်ဖုန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးနှင့် တာ၀န်ရှိသူများသည် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆောင်ရွက်ပြီးစီးခဲ့သည့်လမ်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်း၀န် ဦးအောင်ဖုန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ လမ်းပိုင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြကာ ကျေးရွာပြည်သူလူထု ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
နယ်စပ်ရေးရာ၀န်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ နယ်စပ်ရေးရာ၀န်ကြီးဌာနက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေ စုစုပေါင်း ခွင့်ပြုငွေကျပ် (၅၂၇၉.၆၂၈) သန်းဖြင့် လမ်း/တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သာသနာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ ဖွင့်လှစ်ခဲ့သည့် ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွယ်ထွဲ-ထီရီး ကျောက်ချော လမ်း(၄/၀) မိုင် ခင်းခြင်းလုပ်ငန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ (၃၃၆.၄၈၄) သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပါသည်။
ယနေ့ ဖွင့်လှစ်ခဲ့သည့် ဆီဆိုင်-လွယ်ထွဲ-ထီရီး ကျောက်ချောလမ်း (၄/၀) မိုင် ပြီးမြောက်ခဲ့သည့် အတွက် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂) အုပ်စု၊ ကျေးရွာ (၁၇) ရွာ၊ အိမ်ထောင်စု (၁၉၉၇) စုနှင့် လူဦးရေ (၁၀၃၅၄) တို့အားလည်းကောင်း၊ ဟိုပုံးမြို့နယ်၊ ကျောင်းလွယ်-ပါပန့်-ထမ်းဘုရား ကျောက်ချောလမ်း (၃/၀) မိုင် ပြီးမြောက်ခဲ့သည့်အတွက် ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စု ၊ ကျေးရွာ (၇၂) ရွာ ၊ အိမ်ထောင်စု (၇၈၃၅) စုနှင့် လူဦးရေ (၃၁၃၄၅) ဦး တို့၏ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ပါသဖြင့် ဒေသခံပြည်သူများမှ အထူး၀မ်းမြောက် ပျော်ရွှင်လျက် ရှိပါသည်။
ဟိုပုံးမြို့နယ်၊ ကျောင်းလွယ်-ပါပန့်-ထမ်းဘုရား ကျောက်ချောလမ်း (၃/၀) မိုင်ခင်းခြင်း လုပ်ငန်းအား နယ်စပ်ရေးရာ၀န်ကြီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ (၂၅၀.၃၃၅) သန်းနှင့် လမ်းရေရှည် ခိုင်မာစွာအသုံးပြုနိုင်ရေးအတွက် ကတ္တရာ (၅၁) တန် ထောက်ပံ့ ပေးခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။