နယ်စပ်ရေးရာဝန်ကြီးဌာန မီးဘေးလုံခြုံ‌ရေးဆိုင်ရာ အသိပညာဆွေး‌နွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၂၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၌ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာဆွေးနွေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    ရှေးဦးစွာ မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာ‌ဆွေးနွေးဟောပြောခြင်းအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်‌တော်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား လည်းကောင်း၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းကျော်က မီးဘေးလုံခြုံရေးဆိုင်ရာများအားလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ မီးငြှိမ်းသတ်သရုပ်ပြလေ့ကျင့်ခြင်းအား ဝန်ကြီးဌာနအနီးရှိ လျှိုပိတ်ဆည်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြပါသည်။
    အဆိုပါ သရုပ်ပြလေ့ကျင့်ဆောင်ရွက်နေမှုများအား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ကြည့်ရှုအားပေးခဲ့ကြပါသည်။ 
    အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံးနှင့် ကျောင်းများ၌ ၂၀၂၅ ခုနှစ်အတွင်း ယနေ့အချိန်ထိ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာဆွေးနွေး ဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားများကို ၂၇ ကြိမ် အင်အား အရာထမ်း၊ အမှုထမ်း ၂,၅၀၀ ဦး တက်ရောက်၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များတွင် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး လစဉ် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 
 

video-upload