နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖလား ဘောလုံးပြိုင်ပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်

                   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖလား ဘောလုံးပြိုင်ပွဲကို နယ်စပ်ဒေသများမှ လူငယ်မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမား များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅) ကျောင်းရှိ ကျောင်းသားများကို ဇုံ (၈) ဇုံဖြင့် အုပ်စု (၂) ခုခွဲပြီး ၁၀-၁၀-၂၀၁၇ရက်နေ့မှ ၁၂-၁၀-၂၀၁၇ ရက်နေ့အထိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အုပ်စု (က) မှ မွန်/ကရင် (ဇုံ) အသင်းက အုပ်စု (ပထမ) နှင့် ရှမ်း (တောင်) ဇုံ အသင်းက အုပ်စု (ဒုတိယ) ဖြင့်လည်းကောင်း၊ အုပ်စု (ခ) မှ စစ်ကိုင်း (ဇုံ) အသင်းက အုပ်စု (ပထမ) နှင့် ချင်း (တောင်) ဇုံအသင်းက အုပ်စု (ဒုတိယ) ဖြင့်လည်းကောင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

                   ဆက်လက်၍ အကြိုဗိုလ်လုပွဲ၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းလေ့ကျင့်ရေး ကွင်းအမှတ် (၃)၌ ယှဉ်ပြိုင်ကစားကြရာ ၁၄-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃နာရီတွင် မွန်/ကရင် ဇုံ နှင့် ချင်း (တောင်) ဇုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မွန်/ကရင် ဇုံ အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့်အနိုင်ရ၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။ ၁၅-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃နာရီတွင် စစ်ကိုင်းဇုံအသင်းနှင့် ရှမ်း(တောင်)ဇုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းဇုံ အသင်းက ငါးဂိုး - သုံးဂိုးဖြင့် အနိုင်ရ၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။

                   တတိယ နေရာလုပွဲကို ၁၆-၁၁-၂၀၁၇ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ချင်း(တောင်)ဇုံ အသင်းနှင့် ရှမ်း(တောင်)ဇုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်း(တောင်)ဇုံအသင်းက နှစ်ဂိုး - တစ်ဂိုး ဖြင့် အနိုင်ရရှိ၍ တတိယဆု ရရှိခဲ့ပါသည်။

                   ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် စစ်ကိုင်းဇုံအသင်းနှင့် မွန်/ကရင်ဇုံအသင်းတို့သည် ၁၇-၁၁-၂၀၁၇ ရက်နေ့ ညနေ ၃နာရီတွင် ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းဇုံအသင်းက ငါးဂိုး - လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ပြီး မွန်/ကရင်ဇုံအသင်းက ဒုတိယဆု ရရှိခဲ့ပါသည်။

          ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပွဲစဉ်တစ်လျှောက် နေရာ အလိုက် အကောင်းဆုံး အားကစားသမားဆုများနှင့်  နှစ်သိမ့်ဆုရရှိသော ချင်း(တောင်)ဇုံ အသင်း၊ တတိယဆုရရှိသော ရှမ်း(တောင်)ဇုံအသင်း၊ ဒုတိယဆုရရှိသော မွန်/ကရင်ဇုံအသင်းတို့အား တစ်ဦးချင်း ဆုနှင့် ငွေသားဆုများကို ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော စစ်ကိုင်းဇုံအသင်းအား ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက တစ်ဦးချင်းဆုများ၊ တံခွန်စိုက်ဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Post Paragraph