နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရည်ချွန်ဆုပေးပွဲကျင်းပ ပြုလုပ်

နေပြည်တော်၊ ဇွန်  ၁၂
    နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီးများအား ဆုချီးမြှင့်ပွဲနှင့် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်အတွက် ပညာသင်ကြားဆဲ ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈:၃၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကားပြောကြား ရာတွင် ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်သည့်အတွက် ပညာရေးသည် တိုင်းပြည်နဲ့လူမျိုးအတွက် အလွန်အရေးကြီးသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ အဆုံးမရှိ သည့် ပညာခေတ်တွင် ကမ္ဘာ့နိုင်ငံများတွင်လည်း နေ့စဉ်တိုးတက် ပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နယ်ပယ်အသီးသီးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းစိန်ခေါ်မှုများကို ပညာရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များဖြင့် ရင်ဆိုင်ကျော်လွှားနေကြကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများကလည်း ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်သည်ထက်မြင့်အောင် ကြိုးပမ်းလုပ်ဆောင်နေကြသလို ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားဆောင်ရွက်နေကြတာကိုလည်း တွေ့ရမှာ ဖြစ်ပါကြောင်း၊ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးသင်ယူ တော့မှာဖြစ်သည့်အတွက် မိမိကိုယ်ကို မှန်ကန်သော ထိန်းကျောင်းမှုဖြင့် မိမိဘဝတိုးတက်ရေးနှင့် မိမိပညာရေးကို နှောက်ယှက်ပျက်ဆီးမည့် မိမိတို့နှင့် မသက်ဆိုင်သည့် နယ်ပယ်တွေကို စိတ်မဝင်စားမိဖို့နှင့် မစူးစမ်းမိစေဖို့ မှာကြားလိုပါကြောင်း၊ မိမိရွေးချယ်တဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ် နယ်ပယ်မှာထူးချွန်ပေါက်မြောက်အောင် ကြိုးစားနိုင်ဖို့အတွက် ကျန်းမာရေးကောင်းဖို့၊ ဇွဲလုံ့လဝီရိယရှိဖို့၊ စိတ်ဓာတ်ခိုင်မာဖို့၊ ရည်မှန်းချက်ကို အောင်မြင်အောင် မဆုတ်မနစ်ကြိုးစား လိုတဲ့ စိတ်ဓာတ်ရှိဖို့လိုကြောင်း၊ မိမိသင်ယူသည့် ပညာရပ်ဆိုင်ရာသာမက Emotional Quotient (EQ) ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာ ခံယူချက်မြင့်မားလာအောင်၊ ဗဟုသုတတိုးပွားလာအောင် ကိုယ်ချင်းစာတရားရှိပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူများဖြစ်အောင် ဘက်စုံထူးချွန် တတ်မြောက်ပြီး ကဏ္ဍပေါင်းစုံတွင် “smart”ကျတဲ့ ပုဂ္ဂိုလ်များဖြစ်အောင် စာပေဖတ်ရှုတဲ့ အလေ့အကျင့်ကောင်းများကို ပြုမူကျင့်ကြံသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ခေတ် သည် ပညာခေတ်ဖြစ်သည့်အတွက် အစဉ်လေ့လာသင်ယူနေသော “Long Life Learning”  နှင့်အညီ မောင်တို့ မယ်တို့ရဲ့ကြိုးစားမှုအရှိန်အဟုန်၊ အောင်မြင်မှုအရှိန်အဟုန်ကို ပိုမိုမြှင့်တင်ပြီး စွမ်းအားရှိသရွေ့၊ စွမ်းရည်ရှိသရွေ့ ကြိုးစားဆောင်ရွက် သွားကြရန်မှာကြားပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်း သား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ထူးချွန်ဆုများအား ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထိုနောက် (၆)ဘာသာဂုဏ်ထူးရှင် မလဲ့ရတီလင်းက ကျေးဇူးတင်စကား ပြောကြားပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ တက္ကသိုလ်တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား/ သမီး (၂၀၀) ဦး၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း တက်ရောက်လျက် ရှိသည့် ဝန်ထမ်းသား/သမီး (၁၁၃၃) ဦး၊ စုစုပေါင်း (၁၃၃၃) ဦးနှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား၊ သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သူ ၆ ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၅) ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၂၄) ဦး၊   ၁ ဘာသာဂုဏ်ထူးရှင် (၁၀၁) ဦး၊ ဂုဏ်ထူးရရှိသူ စုစုပေါင်း (၁၄၆) ဦးတို့အား ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph