
ဇူလိုင်လ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီကြပ်ရေးရုံးသို့ ရောက်ရှိပြီး ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ၎င်းနောက် တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိ၍ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံပြီး တာချီလိတ် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ တာချီလိတ် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းနှင့် မိုင်းဆတ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်တို့က ဒေသဖွံ့ဖြိုးရေးနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက် ဝတ်စုံများ၊ ဦထုပ်နှင့်ရှူးဖိနပ်များအား ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး အုပ်ချုပ်မှုဆိုင်ရာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် တာလေမြို့၊ နားအွန်-မယ်ပိန်း ကျေးရွာ ချင်းဆက်လမ်း ၃မိုင် ၅ဖာလုံ အနက် ၁မိုင်ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လမ်းရေရှည်ကောင်းမွန် အောင် ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် မှာကြားခဲ့ပါသည်။ ၎င်းနောက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ တင်ပြချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားသော မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ တောညု-နမ့်ခွန်းတောင်ကျေးရွာ သွားလမ်းအား ကြည့်ရှုပြီးနောက် ကျိုင်းတုံမြို့ ဆင်နှစ်ကောင် ရေလှောင်ကန်သို့ ရောက်ရှိကာ ကျိုင်းတုံမြို့အတွက် သောက်သုံးရေ လုံလောက်စွာရရှိရေး ထပ်မံတိုးချဲ့ဆောင်ရွက်မည့်အစီအမံများ နှင့်ပတ်သက်၍ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆောင်ရွက်ရမည့် ကိစ္စများအား ပေါင်းစပ် ညှိနှိုင်းမှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မှ ထွက်ခွါ၍ မက်မန်းမြို့သို့ နေ့လည်ပိုင်းတွင် ရောက်ရှိကာ မက်မန်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ဒေသခံဝန်ထမ်းများ၊ ပြည်သူများနှင့်တွေ့ဆုံအမှာစကားပြောကြားပြီး မက်မန်း မြို့နယ် ကောင်းလန်းကျေးရွာ၊ ဝမ်လုံကျေးရွာ၊ ပါလောင်းကျေးရွာများအတွက် အိမ်သုံးဆိုလာ ၅၁ စုံ၊ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံအဖြူ/အစိမ်းနှင့် ဗလာစာအုပ် ၄၃၇ စုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံ တိုင်းရင်းသားများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။ ၎င်းနောက် မက်မန်းမြို့ပညာဒီပကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ပြီး အဆိုပါ ကျောင်းတိုက်တွင် မော်ဖဒေသနှင့် မက်မန်းဒေသတို့မှ လာရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအတွက် ရိက္ခာ၊ ကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မက်မန်းမြို့ရှောင် လမ်း ၂မိုင် ၄ဖာလုံတွင် ၁မိုင် ၄ဖာလုံ အပြီးသတ် ကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား လည်းကောင်း၊ နမ့်ကျွတ် (ပန်ဖိန်း)-ပန်ကောက်- ရောင်ပန် ကျေးရွာချင်းဆက်လမ်း ၁၂မိုင်တွင် ၅မိုင် ၄ဖာလုံ မြေသားလမ်း ဖောက်လုပ်ပြီးစီးမှုအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည် တည်တံ့စေရန် ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းရေး၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ လိုအပ်သော နေရာ များတွင် ရေထုတ်ပြွန်များ ထပ်မံထည့်သွင်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၇ ရက်နေ့နံနက်ပိုင်းတွင် မိုင်းပျဉ်းမြို့ ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟိုကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ၎င်းကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း၌ ပညာ သင်ကြားလျက် ရှိသောကျောင်းသား/ကျောင်းသူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးရေးနှင့် လိုအပ်သည့်ကိစ္စရပ်များ ဖြည့်ဆည်းပေးရေး စီမံဆောင်ရွက် ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မိုင်းပျဥ်းမြို့နယ်၊ ဟွေဟင် (၇) မိုင်ကျေးရွာမှ သုဝဏ္ဏသျှံတောင်တော် အထိ မြေသား လမ်း ၁၃ မိုင် ၂ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောင်ရွက်ရန်ကျန်ရှိသောလမ်းပိုင်းအား အပြီးသတ် ဖောက်လုပ် နိုင်ရေး၊ လမ်းတာချဲ့ခြင်း၊ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုများအပေါ် တာဝန် ရှိသူများမှ မြေပြင် ကွင်းဆင်းစိစစ်မှုများပြုလုပ်၍ အမှန်တကယ်လိုအပ်လျက်ရှိသည့် လုပ်ငန်းများ အား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့်“၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ် အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခု အတွက် ခွင့်ပြုရန်ပုံငွေကျပ် ၄၅၅၁ သန်းဖြင့်လည်းကောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၃ ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၂ ကျောင်းတို့ဖွင့်လှစ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
