နေပြည်တော်၊ မတ် ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မတ်လ(၄) ရက်နေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီး ခဲ့သော (၁) ထပ်ခန်းမဆောင်၊ (၂)ထပ် စားရိပ်သာ၊ ကျောင်းသူ(၂)ထပ်အိပ်ဆောင်များ၊ တည်ဆောက်ဆဲဖြစ် သည့် အုပ်ချုပ်မှုရုံး၊ ကျောင်းသား(၂)ထပ်အိပ်ဆောင်၊ (၆)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းခြံစည်းရိုး ကာရံခြင်း၊ မီးသွယ်ယူခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သင်တန်းကျောင်းအား စတင်ဖွင့်လှစ်နိုင်ရေးအတွက် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများအချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းကိုက်ညီစွာ ဆောင်ရွက်ကြရေး၊ လိုအပ်သောဝန်ထမ်းအင်အားများ ဖြည့်တင်းဆောင်ရွက်ရေးတို့အား မှာကြား၍ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထောက်ပံ့ငွေဖြင့် တည်ဆောက်ပေးထားသည့် ဆိုက်ခေါင်ကျေးရွာ၊ နမ့်ပါမူရေလှောင်ကန် တူးဖော်ဆောင်ရွက်ထားမှုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ မိုးတွင်းကာလ ရေသိုလှောင်ထားရှိနိုင်မှုအခြေအနေ၊ မြေသားတမံများ တည်ဆောက်ထားမှု အခြေအနေနှင့် ရေလွှဲပေါက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်ခိုင်ခံ့အောင် လိုအပ်သည်များ ပြုပြင်တည်ဆောက်ရန်၊ ရေဝေ ရေလဲဧရိယာအတွင်း သစ်ပင်များထပ်မံစိုက်ပျိုးထားရှိရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတည်ဆောက်ရန လျာထားသည့် မြေနေရာ အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရေး မှာကြား သည်။
ပြည်ထောင်စုဝန်ကြီးသည် ထိုနေ့ မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့နယ်၊ နမ့်ပေါ်ဟွန်း-ပါပန့်-သက်သာ-ပုံချောင်လမ်း (၅/၀) မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ရေနုတ်မြောင်းနှင့် လမ်းပုခုံး များ ကောင်မွန်ရေး အချောသတ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။ ဆက်လက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျောင်းလွယ်၊ ပါပန့်၊ နမ့်ပေါ်ဟွန်း၊ ဘုရားဖြူ၊ လွယ်ပေါ်၊ ဟိုနမ့်၊ ရွာသစ် စုစုပေါင်းကျေးရွာ (၇)ရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သော လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ထမ့်စမ်း-စအွန်-ဒုံကောင်-စငေါ့လမ်း (၅/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ဆက်လက်ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလပြီးစီးရေးအတွက် လမ်းလုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရန်၊ လမ်းသားများညီညာရန်၊ ရေနုတ်မြောင်းနှင့် လမ်းပုခုံးများကို စနစ်တကျဆောင်ရွက်ရန် မှာကြားပြီး လက်ရှိဖောက်လုပ်နေသောလမ်းနှင့် စငေါ့ကျေးရွာသို့ ရောက်ရှိရန် ကျန်ရှိနေသော (၀/၄)မိုင် ဆက်လက်ဖောက်လုပ်ရေး ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော ရွာသစ်ကျေးရွာမှ ကျောက္ကချားကျေးရွာထိ မီးသွယ်တန်းခြင်းလုပ်ငန်းအား လိုက်လံကြည့်ရှုစစ်ဆေးကာ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုနေ့ ညနေ့ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့သို့ ပြန်လည်ထွက်ခွာကာ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ မီးသွယ်တန်းခြင်းနှင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်၊ (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက် ပေးရန်တို့အတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။