နေပြည်တော်၊ ဒီဇင်ဘာ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာသို့ သွားရောက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေးကျင့်ရေးဦးစီးဌာနမှ ၂၀၁၇- ၂၀၁၈ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်မည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ကောင်းမှုဗွာကျေးရွာသို့သွားရောက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံကိန်းကာလတွင် တူးဖော်ပေးခဲ့သော သောက်သုံးရေကန်အား ကြည့်ရှုစစ်ဆေးကာ ကျေးရွာမှာတာဝန်ရှိသူများ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လာမည့်ဘဏ္ဍာနှစ်၌ သောက်သုံးရေကန် (၁)ကန် ထပ်မံတူးပေးဖော်ရေး၊ ကောင်းမှုဗွာကျေးရွာအတွက် လျှပ်စစ်မီးသွယ်တန်းရေး၊ ကောင်းမှုဗွာ-လိုက်ဟန်နား-ထီးဟန်ထွိုင်း-လိုက်ပေးမြေလမ်း (၄/၀)မိုင် ဖောက်လုပ်ပေးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ၄င်းနောက် ဆီဆိုင်-လွယ်ထွဲ-ထီရီးကျောက်လမ်း(၄/၀)မိုင် ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ပအိုဝ်းဒေသအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သဖြင့် အချို့ပြည်နယ်၊ တိုင်းဒေသကြီးများ အတွင်း ဆောင်ရွက်ရသည်ထက် ပို၍အဆင်ပြေချောမွေ့ကြောင်း၊ သို့ဖြစ်၍လုပ်ငန်း ဆောင်ရွက် နေသော ကုမ္ပဏီများအနေဖြင့် ဒေသခံပြည်သူများ၏ အကျိုးအတွက် စေတနာထားကာ ပို၍ထိထိရောက်ရောက်ဆောင်ရွက်ပေးသင့်ကြောင်း မှာကြား၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်ယခင်ဘဏ္ဍာနှစ်များက ဖောက်လုပ် ပေးခဲ့သော လွယ်ထွဲ-ပွန်းရမ်း -မိရယ်-ထွေဖူး-လွယ်ပွတ်-ဆိုက်ခေါင်လမ်းအား စံချိန်စံညွှန်း ပြည့်မီခြင်းရှိ/ မရှိ မော်တော်ယာဉ်များဖြင့်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ မွန်းလွှဲပိုင်းတွင် ဆီဆိုင်-ဟိုပုံးလမ်းပေါ်ရှိ ကောင်ငင်းကျေးရွာ၊ ကောင်တန်ကျေးရွာများ၌ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးမီသော ပစ္စည်း အမျိုးအစားများ အသုံးပြုတပ်ဆင်ပေးရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ညှိနှိုင်းမှာကြား ခဲ့ပါသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်အတွင်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုလုပ်ငန်းဖြစ်သော ကျောင်းလွယ် - ပါပန့် - ထမ်းဘုရား (၃/၀)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူလူထုက ကျေးဇူးတင် ဝမ်းမြောက်စွာ လက်ခံနိုင်သောလုပ်ငန်းများ ဖြစ်ရန်လိုကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူလူထုအကျိုးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ယန္တရားကြီးများအသုံးပြုဆောင်ရွက်နေသော နမ့်ပေါ်ဟွန်း-ပါပန့်-နောင်ကွမ်-ညောင်နင်း-သက်သာ-ပုံချောင် မြေသားလမ်း (၅/၀)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဦးစီးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများတွေ့ဆုံမှာကြားရာ၌ မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနက ထမ်းဆောင်နေသော အဓိကတာဝန်(၂)ရပ်မှာ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ခဲ့ကြသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရာသီဥတုကန့်သတ်ချက်၊ ဘာသာစကားကွဲပြားမှု၊ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့ကြောင့် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုမှ တပ်မတော်အစိုးရ လက်ထက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြင့် တာဝန်ယူဆောင်ရွက်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
၄င်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။