နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပထမရက် (၁၀၀) စီမံကိန်းအရ ဒုတိယအကြိမ် နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသော ကချင်၊ ကယား၊ မွန်နှင့် ရခိုင်တိုင်းရင်းသား အဖွဲ့များအား နှုတ်ဆက်ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၃၀
    နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုများအတွက် အခြေခံလိုအပ်ချက်များအား အချိန်တို အတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပထမရက် (၁၀၀) စီမံကိန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းစဉ် (၉) ရပ်ဖြင့် ချမှတ်၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်များအနက်မှ လုပ်ငန်းစဉ် (၆) ရပ် ဖြစ်သည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလေ့လာရေး အဖွဲ့ဝင်များကို အလှည့်ကျစနစ်ဖြင့် ဖိတ်ကြားခေါ်ယူပြီး နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်းဖြင့်           (၂၉-၇-၂၀၁၆)  ရက်နေ့ ညနေ (၆) နာရီအချိန်တွင်  နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် နေပြည်တော်သို့ လေ့လာရေးခရီး လာရောက်ခဲ့ကြသော ကချင်၊ ကယား၊ မွန်နှင့် ရခိုင်တိုင်းရင်းသား အဖွဲ့များအား နှုတ်ဆက်တွေ့ဆုံခြင်း အခမ်းအနား၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။
    အလားတူ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များမှာ တိုင်းရင်းသား အချင်းချင်း ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ရင်း တစ်ဦး၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်ဦးက လေ့လာသိရှိ ဖလှယ်ခွင့်ရရှိစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်က ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်၊ မိမိတို့ တိုင်းရင်းသားအားလုံးသည် ရှေးနှစ်ပေါင်း များစွာကပင် ပြည်ထောင်စုကြီးအတွင်း အေးအတူပူအမျှ မှီတင်းနေထိုင်လျက် ရှိကြသော တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်ဟူသည့် ကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်ပင် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာမှာ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ နိုင်ငံသူနိုင်ငံသားများရဲ့ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးဟူသော ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နိုင်ငံတော်အတွက် အလိုအပ်ဆုံးအရာမှာ ပြည်တွင်းငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း' နောင်မျိုးဆက်သစ်များအတွက် ထားခဲ့ရမည့် အကောင်းဆုံး အမွေအနှစ်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်ပါကြောင်း၊ ထို့ပြင် စည်းလုံးညီညွှတ်မှုရှိမှသာ ငြိမ်းချမ်းနိုင်မည် ဖြစ်သည့်အတွက် ညီညွှတ်ရေးကိုအခြေသည့် ငြိမ်းချမ်းရေးကို ဖန်တီးဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမှ တစ်ဆင့် မိမိတို့လိုလားသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံကို ထူထောင်နိုင်မည်    ဖြစ်ပါကြောင်း၊ နောင်မျိုးဆက်သစ်များကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းမွန်သည့် အမွေအနှစ်နှင့်အတူ တာဝန်များကိုလည်း လက်ဆင့်ကမ်းပေးသွားရမည် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကချင်၊ ကယား၊ မွန်နှင့် ရခိုင်တိုင်းရင်းသား အဖွဲ့များအား အမှတ်တရ လက်ဆောင်ပစ္စည်းများအား တစ်ဖွဲ့ခြင်းစီပေးအပ်ခဲ့ပြီး တိုင်းရင်းသား/တိုင်းရင်းသူကိုယ်စား ရခိုင်တိုင်းရင်းသူ တစ်ဦးမှ တိုင်းရင်းသားအဖွဲ့များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု့ရင်း ဂုဏ်ပြုညစာအား လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် တိုင်းရင်းသားအဖွဲ့များနှင့်အတူ အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး လေ့လာရေးခရီး ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် တိုင်းရင်းသား/ တိုင်းရင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။
    ယနေ့နံနက်ပိုင်းတွင် လေ့လာရေးခရီးစဉ် ပြီးဆုံး၍ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာမည့် တိုင်းရင်းသား လေ့လာရေးအဖွဲ့များအား နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်မှ လေ့လာရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံ Album များ နှင့် ဗွီဒီယိုခွေများအား သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph