နေပြည်တော်၊ ဇွန် ၄
နယ်စပ်ရေးရာဝန်ကြီးဌာနက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ဒေသမှ နယ်မြေလုံခြုံရေးအခြေအနေအရ ခေတ္တတိမ်းရှောင်လာသော မိသားစုဝင် (၂၆၈)ဦးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်ရှိ စိန့်ဂျိုးဇက်(RC) ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ ယင်းအခမ်းအနားသို့ ကချင်ပြည်နယ်ဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နေရပ် တိမ်းရှောင် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ပေးသော ငွေကျပ်(၄,၇၃၂,၁၅၂/-) တန်ဖိုးရှိ ရိက္ခာ(၁)လစာ ဆန်(၉၇)အိတ်၊ ဆီ(၁၆၆)ပိဿာ၊ ကုလားပဲ(၂၄၉)ပိဿာ၊ ဆား(၄၁)ပိဿာ တို့ကို ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ ခေတ္တတိမ်းရှောင်မိသားစုဝင် (၂၈၆၉)ဦးအတွက် ဆန်(၁၁၁၆)အိတ်၊ ဆီ(၁၇၈၈)ပိဿာ၊ ကုလားပဲ(၁၈၅၆)ပိဿာ၊ ဆား(၅၄၈)ပိဿာ၊ စောင်(၁၆၂)ထည်၊ ခြင်ထောင်(၈၂)လုံးတို့အား ဖားကန့်မြို့နယ်၊ မံဝယ်ကျေးရွာနှင့် လဝါးကျေးရွာ၊ မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာ၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ် ကျေးရွာ၊ ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာများတွင် နယ်မြေခံတပ်မတော်နှင့်ပူးပေါင်း၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။